ဂါဇာ စစ်ဆင်ရေးတွေမှာ အဓိကဦးဆောင်နေသူက ဟားမားစ် တဖွဲ့လုံးရဲ့ ခေါင်းဆောင်ဖြစ်လာ

 Getty Images

ဩဂုတ် ၊ ၇

ဂါဇာစစ်ပွဲကို အစပြုစေခဲ့တဲ့ ကျူးကျော် တိုက်ခိုက်မှုမှာ အဓိက လက်သည်လို့ အစ္စရေးက စွပ်စွဲထားတဲ့ ဟားမားစ် စစ်ဦးစီးဟာ အခုအခါ ဟားမားစ် အဖွဲ့တခုလုံးရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရန်နိုင်ငံ၊ တဟီရန်မြို့မှာ ဟားမားစ်ရဲ့ နိုင်ငံရေး အကြီးအကဲဖြစ်သူ အစ္စမေးလ် ဟာနီယာ ရုတ်တရက် လုပ်ကြံခံခဲ့ရပါတယ်။ အီရန်က အဲဒီလုပ်ကြံမှုအတွက် အစ္စရေးကို စွပ်စွဲပြီး လက်စားချေမယ်လို့ ကြုံးဝါးထားပါတယ်။ အစ္စရေးကတော့ ဟာနီယာ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ဟာနီယာဟာ ဟားမားစ်အဖွဲ့ထဲမှာ သဘောထား ပျော့ပျောင်းသူ တဦးလို့ သတ်မှတ်ခံရပြီး ဂါဇာမှာ စစ်ပွဲ ရပ်ဆိုင်းနိုင်ရေး ဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေသူ တဦးပါ။ အခုတော့ သူ့ရဲ့ နေရာကို အစ္စရေးရဲ့ အခါးသီးဆုံး ရန်ဘက်လို့ ဆိုနိုင်ပြီး ဂါဇာမှာရှိတဲ့ ဟားမားစ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ကြီးမှူးနေသူ ယာရာဆင်ဝါက ဆက်ခံတော့မှာ ဖြစ်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ကာတာနိုင်ငံရဲ့ ဒိုဟာမြို့ထဲမှာ ဟားမားစ် အဖွဲ့ခွဲ အသီးသီးရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံကြပြီး ဟာနီယာရဲ့ အရိုက်အရာ ဆက်ခံမယ့် ပုဂ္ဂိုလ် ရွေးချယ်ရေးကိစ္စ အပူတပြင်း ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အများသဘောတူ ညီညီညွတ်ညွတ် ဆုံးဖြတ်ချက်အရ ဂါဇာအခြေစိုက် ဟားမားစ် စစ်ရေးအကြီးအကဲ ဆင်ဝါဟာ ဟားမားစ် အဖွဲ့တခုလုံးရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကြီးအကဲ ဖြစ်လာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဆင်ဝါကို ဟားမားစ်ရဲ့ ခြွင်းချက်မရှိ ခေါင်းဆောင်နေရာ ခန့်အပ်ခြင်းဟာ အစ္စရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်ဖီဆန်လိုတဲ့ ဝါဒမျိုး ရှိနေကြောင်း ကွဲပြားတဲ့ ဟားမားစ် အဖွဲ့အစည်း အသီးသီးဆီက တူညီတဲ့ အသံကို ထုတ်ပြလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ဆင်ဝါဟာ ဂါဇာက စစ်ဆင်ရေးတွေကို ဆက်လက် ကွပ်ကဲနေရင်း ဟာနီယာအစား ဟားမားစ်ရဲ့ နိုင်ငံရေး ဗဟိုချက် ဌာနလို့ သတ်မှတ်ရမယ့် ပေါ်လစ်ဗျူရို အကြီးအကဲ နေရာကိုပါ ရယူသွားမှာပါ။ ဆင်ဝါဟာ ဟားမားစ် ခေါင်းဆောင်ပိုင်းထဲမှာ အစ္စရေးအပေါ် သဘောထား အတင်းမာဆုံးသူ တဦးအဖြစ်လည်း ထင်ရှားပါတယ်။

ဟားမားစ် ခေါင်းဆောင်သစ် ရွေးချယ်မှုကို အတည်ပြုပြီးတဲ့နောက် အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီက ဆင်ဝါအတွက် အဆုံးသတ် နေရာဟာ မိုဟာမက် ဒိဖ်နဲ့ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ကျူးကျော်ခဲ့သူ အကြမ်းဖက်သမားတွေရဲ့ ဘေးမှာ လှဲလျောင်းနေဖို့သာ ဖြစ်စေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒိဖ်ဟာ ဆင်ဝါရဲ့ နံပါတ်တစ် လက်ရုံးလို့ သတ်မှတ်နိုင်ပြီး ဂါဇာမှာ ဟားမားစ်ရဲ့ စစ်ရေးလှုပ်ရှားမှု အားလုံးကို ထိထိရောက်ရောက် ကွပ်ကဲနေသူလည်း ဖြစ်ပါတယ်။ ဒိဖ်ကို ပြီးခဲ့တဲ့လက လေကြောင်းတိုက်ခိုက်မှု တခုမှာ သုတ်သင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးက ကြေညာထားပါတယ်။

အခုအခါ ဟားမားစ်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် ရာထူးတွေကို ဆင်ဝါက ပူးတွဲ ရယူလိုက်ပြီ ဖြစ်တာကြောင့် ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ့် မျှော်လင့်ချက်တွေလည်း ပိုမို အားလျော့သွားမယ့် သဘောပါပဲ။ ဒါပေမဲ့ ဟားမားစ် ပြောရေးဆိုခွင့်ရ အရာရှိ အိုစမာ ဟမ်ဒန်ကတော့ ဆင်ဝါဟာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပျက်ပြယ်ခဲ့တာဟာ ဟားမားစ်ကြောင့် မဟုတ်ဘဲ အစ္စရေးရဲ့ ကဂျီကဂျောင် ကျမှုတွေကြောင့်သာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။

Ref: AFP