ဩဂုတ် ၊ ၅
ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ နောက်ဆက်တွဲ သွေးချောင်းစီး ပဋိပက္ခတွေ ပြန်လည် ခေါင်းထောင်လာပြီး လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေကို ငြင်းပယ်ပြီး ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။
ဩဂုတ်လ ၄ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့တော် ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြန်လည် ပေါ်ပေါက်လာပြီး နှစ်ဖက် ပဋိပက္ခတွေကြောင့် ရဲ ၁၃ ဦး အပါအဝင် ၉၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ၂၀၀ ဝန်းကျင်အတွက် တရားမျှတမှု ရရှိစေဖို့၊ ဝန်ကြီးချုပ် ဟာဆီနာ တာဝန်ယူ နုတ်ထွက်ဖို့အတွက် တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြရာက ရဲတွေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြပြီး အခုလို အများအပြား သေကြေတဲ့ အခြေအနေဆိုးတွေ ပြန်လည် ပေါ်ပေါက်လာတာပါ။
ဝန်ကြီးချုပ် ဟာဆီနာကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး ပြုမှုတွေလို့ စွပ်စွဲရှုတ်ချခဲ့ပြီး တင်းတင်းကျပ်ကျပ် အရေးယူ တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ဒါကာနဲ့ တခြားမြို့ကြီးတွေမှာ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်ထားလိုက်ပြီး တင်းကျပ်တဲ့ ညမထွက်ရ အမိန့်တွေကိုပါ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အမိန့်တွေအရ သတ်မှတ်ကာလနောက်ပိုင်း အပြင်ထွက်သူတွေကို တွေ့ရာနေရာမှာ အာဏာပိုင်တွေက ပစ်ခတ်ခွင့် ရှိနေပါတယ်။
ဆန္ဒပြသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ ရဲတွေသာ အာဏာရ ပါတီကို ထောက်ခံတဲ့ အစုအဖွဲ့တွေကပါ ကျည်အစစ်တွေ အသုံးပြု ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ဟာဆီနာက ဆန္ဒပြသူတွေကလည်း မီးရှို့မှုတွေနဲ့ တခြား မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တယ်လို့ ထောက်ပြခဲ့ပြီး သူတို့ဟာ ကျောင်းသားတွေ မဟုတ်တော့ဘဲ အဖျက်သမားတွေအဖြစ် ပြောင်းလဲသွားကြောင်း၊ အဲဒီအတွက်လည်း ထိရောက်ပြတ်သားတဲ့ တုံ့ပြန်မှုတွေနဲ့သာ ထိုက်တန်ကြောင်း ပြောကြားထားပါတယ်။
လက်ရှိ အခြေအနေအရ နှစ်ဖက်စလုံးက သဘောထား တင်းမာနေတာကြောင့် လာမယ့် ရက်ပိုင်းတွေအတွင်း သွေးချောင်းစီး ဖြစ်ရပ်တွေ ပိုမို ဆိုးရွားလာဖွယ် ရှိနေပါတယ်။ ဇူလိုင်လတုန်းက အစိုးရ အလုပ်အကိုင် ရာထူးနေရာတွေကို ခွဲတမ်းသီးသန့် သတ်မှတ်ထားတဲ့အပေါ် မကျေနပ်လို့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြတာကို ရဲတွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေအတွင်း အခုဆိုရင် သေဆုံးသူ ၃၀၀ ဝန်းကျင်ထိ များပြားလာပါပြီ။
ဆန္ဒပြသူတွေကို တုံ့ပြန်ဖြိုခွင်းရာမှာ ရဲတွေအပြင် အာဏာရ အန်ဝါမီ အဖွဲ့ချုပ် ပါတီ (ALP)ကိုအားပေး ထောက်ခံသူတွေကပါ ကိုယ်ထိလက်ရောက် ရန်ပြု တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစိုးရဟာ ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်သူ အနည်းဆုံး ၁၁၀၀၀ လောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။
အစိုးရကတော့ ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အလွန်အကျွံ အင်အားသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ အစောပိုင်း ဆန္ဒပြမှုတွေအပြီး ငြိမ်ဝပ်ပိပြားရေး ကဏ္ဍအတွက် လုံခြုံရေး ဆောင်ရွက်ရာမှာ ပါဝင် ကူညီခဲ့ပေမယ့် ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ ကိစ္စမျိုးတွေမှာ ပါဝင်ခြင်း မရှိသလို စစ်ဘက် အရာရှိ တချို့ကလည်း ဆန္ဒပြမှုတွေနဲ့ ပေါ်ပေါ်ထင်ထင် ပူးပေါင်းရပ်တည်ကြ၊ ထောက်ခံခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိ ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဝေကာအုဇ် ဇာမန်က ဘင်္ဂလားဒေ့ရှ် စစ်တပ်ဆိုတာ ပြည်သူက ယုံကြည်အပ်နှင်း တာဝန်ပေးထားတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း၊ စစ်တပ်ဟာ ပြည်သူအတွက်ပဲ အမြဲတမ်း ရပ်တည်မှာဖြစ်ပြီး နိုင်ငံရဲ့ လိုအပ်လာတဲ့ အချိန်တိုင်းမှာ အမှုထမ်းဖို့ အသင့်ရှိနေမယ်လို့ ကြေညာခဲ့ပါတယ်။
Ref: Reuters