Photo- WSTV
ဇူလိုင် ၊ ၃၀
မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုတွေ စတင်တဲ့ ၂၀၂၁ ခုနှစ် ကတည်းက ချမှတ်ခဲ့တဲ့ ဘက်မလိုက်မူဝါဒကို အချိန် ကာ လနဲ့ အခြေအနေအမျိုးမျိုးကြောင့် အပြောင်းအလဲလုပ်မှာမဟုတ်ဘူးလို့ အင်အားကြီးတပ်ဖွဲ့တခုဖြစ်တဲ့ “ဝ” အဖွဲ့ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ရမခ ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့သိမ်းပိုက်ခံရလုနီး အခြေအနေဖြစ်နေချိန် “ဝ”တပ်ဖွဲ့ထဲ လားရှိုးမြို့ထဲ ဝင်ရောက်ခဲ့တဲ့နောက် “ဝ”တပ်ဖွဲ့နဲ့ ရှမ်းမြောက်အရေး ဝေဖန်ဆွေးနွေးမှုတွေမြင့်တက်နေချိန်မှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကအခုလို ထုတ်ပြန်လာတာပါ။
UWSP ဟာ “ဝ”လက်နက်ကိုင်တပ်ဖွဲ့ UWSA ရဲ့ နိုင်ငံရေးယန္တရားတခုဖြစ်ပါတယ်။
“ဝ”ပြည်နယ် အနေနဲ့ သမိုင်းအတွေ့အကြုံနဲ့ သင်ခန်းစာကိုယူကာ “ဝ”ပြည်နယ်ရှိတိုင်းရင်းသား တိုင်းရင်းသား ပေါင်းစုံရဲ့ အကျိုးစီးပွားကို စဉ်းစားပြီး မည်သည့် အဖွဲ့အစည်းရဲ့ စစ်ရေးပဋိပက္ခကိုမှ ပါဝင်ပတ်သက်မှုမပြုဘဲ စစ် မီးမမွှေးခြင်းဆိုတဲ့ ဘက်မလိုက်မူဝါဒကို ၂၀၂၁ခုနှစ်ကတည်းကချမှတ်ခဲ့ပြီး ဒီမူဝါဒကို ပြောင်းလဲမှ,မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တခုလုံး ပြိုကွဲမယ့် အနေအထားကိုရောက်ရှိနေကာ စီးပွားရေးကပ်ဆိုက်ခြင်း၊ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ကုန်သွယ်မှုရပ်တန့်ခြင်း၊လုပ်ငန်းတွေ ဆိုးရွားစွာထိခိုက်ပျက်စီး တာတွေကြောင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝ မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြောင့် စစ်ရေး ပဋိပက္ခတွေဆက်ဖြစ်နေမယ်ဆိုရင် လူမှုမျိုးနွယ်စုတွေအကြား အကွဲအပြဲပိုမိုနက်ရှိုင်းပြီး အ ချင်းချင်း ရန်ငြှိုးတွေ ပိုမိုမြင့်တက်ကာ ကုသဖို့ခက်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ လည်း ဆိုပါတယ်။
ဒါကြောင့် ရှမ်းမြောက်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့က ပဋိပက္ခဖြစ်နေတဲ့ အဖက်ဖက်အနေနဲ့ အပြင်းအထန် ထိခိုက်သွားတဲ့ ပြည်သူတွေရဲ့ စီးပွားရေးကိုပြန်ပြီးနလန်ထူနိုင်ဖို့၊နေရပ်စွန့်ခွာသွားတဲ့ ပြည်သူတွေ လုံခြုံရေး အာမခံချက်ရှိရှိ နေရပ်ပြန်ပြန်ရောက်စေဖို့တွေအတွက် ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်း ချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းသွားကြဖို့ အလေးအနက်တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။
“ဝ”ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မိမိအင်အားနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မယ် လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
UWSA “ဝ”တပ်ဖွဲ့ဟာ ရှမ်းမြောက် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်တဲ့ FPNCC ကို ဦး ဆောင်နေတဲ့ အဖွဲ့အဖြစ် လူသိများပြီး ပြီးခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးကာလတုန်းကလည်း “ဝ”တပ်ဖွဲ့က ဘက် လိုက် မှာမဟုတ်ကြောင်းနဲ့ တိုက်ခိုက်ခံရရင်တော့ တုံ့ပြန်မယ်ဆိုတဲ့အကြောင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမယ့် အဲဒီစစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထိုးစစ် ဆင်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့တွေကို တော့ “ဝ”တပ်ဖွဲ့ကစစ်ကောင်စီနဲ့ညှိနှိုင်းပြီး လက်လွှဲယူခဲ့ပါတယ်။အဲ့ဒီနောက်အခုနှစ်ဆန်းပိုင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းက ကျိုင်းတုံမြို့ကို “ဝ”တပ်ဖွဲ့ သိမ်းပိုက်တော့မယ်လို့ သတင်းတွေထွက်ပေါ် လာချိန်မှာလည်း “ဝ”တပ်ဖွဲက အခုလိုပဲ ထုတ်ပြန်ရှင်းလင်းခဲ့ပါသေးတယ်။
လက်ရှိ လားရှိုးအပါအဝင် ရှမ်းမြောက်တိုက်ပွဲတွေမှာလည်း “ဝ”တပ်ဖွဲ့တွေဟာ တန့်ယန်းမြို့နယ်အတွင်း အင် အား ရာချီနဲ့ တပ်စွဲနေရာယူခဲ့တာ၊တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ထဲ ဝင်ရောက်လာတာမျိုးတွေရှိခဲ့ပါတယ်။
ကနဦးမှာ “ဝ”တပ်ဖွဲ့ လားရှိုးမြို့ထဲ ဝင်ရောက်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီထောက်ခံသူတချို့က ကြိုဆို ကြတာမျိုးတွေရှိပေမယ့် တိုက်ပွဲတွေရပ်မသွားဘဲ ရမခ ဌာနချုပ်ပါ သိမ်းပိုက်ခံလု အခြေအနေဖြစ်လာတဲ့နောက် “ဝ”တပ်ဖွဲ့ဟာ သူ့ရဲ့ မဟာမိတ်တွေနဲ့ပေါင်းပြီး တဖက်လှည့်နဲ့ လုပ်ဆောင်နေကြောင်း ပြစ်တင်ဝေဖန်တာတွေ ရှိနေပါတယ်။