ဇူလိုင် ၊ ၂၉
လားရှိုးမြို့အခြေစိုက် သံချပ်ကာတပ်ရင်းအပါအဝင် စစ်ကောင်စီစခန်းသုံးခုကို မနေ့ကနဲ့ ဒီကနေ့တို့မှာ ထပ်မံသိမ်း ပိုက်နိုင်ခဲ့ပြီး သံချပ်ကာ တစီးအပါအဝင် လက်နက်ခဲယမ်းအများအပြား မဟာမိတ်တပ်တွေက သိမ်းဆည်းနိုင်ခဲ့ တယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ BPLA တပ်ဖွဲ့က အခုညမှာ ထုတ်ပြန်ပါတယ်။
လားရှိုးမြို့မြောက်ပိုင်းက အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၂၄၂ စစ်လက်နက်ပစ္စည်းတပ်ခွဲနဲ့ တပ်မတော်ဂေါက်ကွင်းထဲ အခြေချနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နိုင်ခဲ့ တာလို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကပြောပါတယ်။
အဲ့ဒီစခန်းသိမ်းပိုက်မှုတွေနဲ့ပတ်သက်ပြီး MNDAA ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
MNDAA နဲ့မဟာမိတ်တပ်တွေရဲ့ ဒီကနေ့အထိ ထုတ်ပြန်ချက်တွေအရ လားရှိုးမြို့တောင်ဘက်က ခလရ ၄၁၊ခမရ ၅၀၇၊၅၂၂၊ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊မြို့မြောက်ဘက်က ခလရ ၆၈၊ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ဆက်သွယ်ရေးတပ်ရင်း၊ရမခဌာနချုပ်အနီးက လားရှိုး ဘူတာ၊ဆင်တောင်ပေါ်က တာဝါတိုင်စခန်းတို့ကို စစ်ကောင်စီလက်လွှတ်ထားရပါတယ်။
MNDAA ကတော့ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်တာကြောင့် စီမံအုပ်ချုပ်မှုလုပ်ငန်းတွေဆောင်ရွက် တော့ မယ်လို့ကြေညာထားသလို အထူးဒေသ(၁)ရဲတပ်ဖွဲ့စခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း လားရှိုးမြို့တွင်း ပြည်သူတွေလုံခြုံရေးအတွက် စတင်တာဝန်ယူထားပြီလို့ ဒီကနေ့မှာပဲ အသိပေးထားပါတယ်။