တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေချိန် ထိုင်ဝမ်မှာ ကုန်တင်သင်္ဘော နစ်မြုပ်၊ မြန်မာသင်္ဘောသားတွေ ပျောက်ဆုံးနေ

ဇူလိုင်၊ ၂၅

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေချိန် အတောအတွင်း ထိုင်ဝမ်ကမ်းလွန်မှာ ကုန်တင်သင်္ဘောတစီး နစ်မြုပ်ပြီး မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေပါတယ်။

မြန်မာ သင်္ဘောသားတွေဟာ ရေယာဉ် နစ်မြုပ်ချိန်မှာ အသက်ကယ် အင်္ကျီတွေဝတ်ပြီး သင်္ဘောကနေ စွန့်ခွာခဲ့ကြောင်း၊ အဲဒီနောက် သူတို့ကို ရှာဖွေကယ်ဆယ်ဖို့ ကြိုးစားပေမယ့် ပျောက်ဆုံးနေကြောင်း ထိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေ ကြမ်းတမ်း ပြင်းထန်နေတာကလည်း သင်္ဘောသားတွေကို လိုက်လံရှာဖွေ ကယ်ဆယ်ဖို့ အခက်အခဲတွေ ကြုံရစေတယ်လို့ ထိုင်ဝမ် မီးသတ်နဲ့ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ရှောင်ဟွမ်ချန်က ပြောပါတယ်။

သင်္ဘောသားတွေဟာ ပင်လယ်ထဲ ပြုတ်ကျပြီး ရေလှိုင်းတွေထဲမှာ မျောပါနေတယ် ဆိုတာကို သိရှိထားကြောင်း၊ လောလောဆယ် အဲဒီနားမှာ ရှိနေတဲ့ ထိုင်ဝမ် ကုန်တင် သင်္ဘောတစီးကို ဆက်သွယ်ပြီး ကယ်ဆယ်ရေးအတွက် ကူညီပေးဖို့ မေတ္တာရပ်ခံထားကြောင်း ရှောင်က ဇူလိုင် ၂၅ ရက် နေ့လယ်မှာ ပြောကြားခဲ့ပါတယ်။

ရေယာဉ်ဟာ ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေ ချက်ချင်း မထွက်ခွာနိုင်ဘဲ လေငြိမ်တဲ့ထိ မလွှဲမရှောင်သာ စောင့်နေခဲ့ရတယ်လို့ ရှောင်က ဆိုပါတယ်။ သင်္ဘောနစ်မြုပ်ပြီး ဘယ်လောက်ကြာမှ အဲဒီရေပြင်ကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်ပြင်ကနေ ဖြတ်သန်းလာပြီး ထိုင်ဝမ်ကို ကုန်းတွင်းဝင်ရောက်ခဲ့ရာက တရုတ်နိုင်ငံဆီ ဆက်လက် ရွေ့လျားသွားပါတယ်။ ၈ နှစ်အတွင်း ထိုင်ဝမ်မှာ အဆိုးဆုံး ကြုံရတဲ့ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့လည်း ကျွန်းနိုင်ငံရဲ့ အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန်းဂေမီကြောင့် မလေးရှား ကမ်းလွန် ပင်လယ်ပြင်မှာလည်း ရေနံတင် သင်္ဘောတစီး တိမ်းမှောက်ပြီး ဆိုးရွားတဲ့ လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Ref: Inquire