မိုးကုတ်မြို့ကစစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ TNLA အတည်ပြု၊ မိုးမိတ်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေ

Photo – MAH

ဇူလိုင်၊ ၂၄

မိုးကုတ်မြို့က စစ်ကောင်စီစခန်းအားလုံးကို ဒီကနေ့ ညနေ ငါးနာရီမှာ သိမ်းပိုက်နိုင်ပြီလို့ တအာင်းတပ် TNLA က အတည်ပြုထုတ်ပြန်ပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ထိုးစစ်တွေ ဇွန်လ ၂၅ရက်မှာ စတင်ခဲ့တဲ့နောက် တလအတွင်း TNLA နဲ့ပူးပေါင်းတပ်တွေဟာမြို့နှစ်မြို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

ဒီမတိုင်ခင်က ထိုစစ်အစောပိုင်းကတည်းက နောင်ချိုမြို့ကို အပြီးသတ် သိမ်းပိုက်ထားသလို မိုးကုတ်မြို့ အနောက် ပိုင်းကိုလည်း သိမ်းပိုက်စိုးမိုးခဲ့တာပါ။အဲ့ဒီနောက်မိုးကုတ်မြို့အရှေ့ပိုင်းက ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရာမှာ ဒီကနေ့အပြီးသတ်သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း တိုက်ပွဲတွေအတွင်း နှက်ဖက် ထိခိုက်သေဆုံးမှုနဲ့  လက်နက်ခဲယမ်းရရှိမှုအခြေအနေ တွေကို တော့ အခုည TNLA ထုတ်ပြန်ချက်မှာဖော်ပြလာတာမရှိသေးပါဘူး။

မိုးကုတ်တမြို့လုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒေသခံတွေက TNLA ပူးပေါင်းတပ် ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြိုဆိုနေတဲ့ပုံရိပ်တွေလည်း ဒီကနေ့ ညနေပိုင်းကတည်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဆန့်ကျင်သူတွေက ဂုဏ်ပြုတဲ့ မှတ်ချက်တွေနဲ့အတူ ပြန်လည်မျှဝေနေကြပါတယ်။

TNLA ပူးပေါင်းတပ်တွေ မြို့တွင်းအထိ ဝင်ရောက် ထိုးစစ်ဆင်နေတဲ့ မိုးမိတ်မြို့မှာလည်း လက်ကျန် ဗျူဟာ ကုန်း ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်ရှိ ၁၀၂၇ ထိုးစစ်တွေအတွင်း TNLA MDY-PDF နဲ့ပူးပေါင်းတပ်တွေဟာ နောင်ချို၊မိုးကုတ်၊စဉ့်ကူးမြို့ တွေကိုအပြီးသတ် သိမ်းပိုက်ထားကာ ကျောက်မဲမြို့ကိုလည်း စိုးမိုးထားနိုင်ပေမယ့်မြို့အနီးက လက်ကျန် တပ် ရင်းနှစ်ခုကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။

အလားတူ မိုးမိတ်မြို့ကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ နီးစပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။