သိန္နီဈေးဗုံးကြဲခံရမှုအတွင်း SNLDပါတီမြို့နယ်တွဲဖက်အတွင်းရေးမှူးအပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံး

Photo – Social Media (ဗုံးကြဲခံရပြီးနောက်တွေ့ရတဲ့ သိန္နီဈေးအခြေအနေနဲ့ သေဆုံးသွားတဲ့ SNLD ပါတီဝင်)

ဇူလိုင်၊ ၁၉

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ဈေးထဲ လူစည်ကားနေချိန် မနေ့ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်တွဲဖက်အတွင်းရေးမှူး အပါအဝင် အရပ်သားခုနစ်ဦးထက်မနည်းသေဆုံးပြီး၊၁၃ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

“သိန္နီဈေးက ငါးရက်တဈေး၊၁၈ရက်နေ့ ဈေးဖိတ်နေ့ ညနေဆိုအလောတကြီးလာရောင်းလာဝယ်တော့လူများ စည် ကားတဲ့အချိန်ဖြစ်တာ”လို့ ဖြစ်စဉ်ကိုအခြေအနေသိရှိတဲ့ ရှမ်းမြောက်ဒေသခံတဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီဟာ မနေ့ညနေလေးနာရီခွဲလောက်က သိန္နီမြို့တွင်းသုံးနေရာ လောက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်ပြီး သိန္နီဈေးထဲမှာတော့လူစည်ကားနေချိန်ဖြစ်တာကြောင့် သေဆုံးထိခိုက်သူများခဲ့တာလို့ ဆိုပါ တယ်။

“ဈေးဆိုင်တန်းနားကျတဲ့ဟာတော့ တချို့လူတွေ အပိုင်းပိုင်းဖြစ်သွားလို့ ဘယ်သူဘယ်ဝါမှန်းမသိရသေးတာတွေ လည်းပါတယ်” လို့ အထက်ပါ ဒေသခံကပြောပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုဖြစ်ချိန် သိန္နီဈေးထဲက ဆိုင်ခန်းတခုမှာရှိနေတဲ့ SNLD ပါတီမြို့နယ် တွဲဖက်အတွင်းရေးမှူး အသက် ၅၅နှစ်အရွယ် စိုင်းထွန်းကြည်ဟာလည်း ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ SNLD ပါတီနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“သူက ၂၀၁၅ရွေးကောက်ပွဲကာလမှာ သိန္နီSNLDရဲ့စည်းရုံးရေးမှူးပါ၊၂၀၂၀မှာတွဲဖက်အတွင်းရေးမှူးတာဝန်ထမ်း ဆောင်ပါတယ်”လို့ SNLD ပါတီနဲ့နီးစပ်သူကပြောပါတယ်။

နောက်ထပ် သေဆုံးသူတွေထဲ ဒေသခံ ရှမ်းတိုင်းရင်းသားအမျိုးသားတဦးလည်းပါဝင်တယ်လို့  သိရပြီး အသေး စိတ်အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မနေ့က သိန္နီမြို့တွင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဈေးဆိုင်တန်းတွေထဲက ဖုန်းဆိုင်၊ဆိုင်ကယ်ပစ္စည်း အရောင်း ဆိုင်၊TV နာရီပြင်ဆိုင်၊ကုန်စံဆိုင်၊ဆန်ဆိုင်တွေအပါအဝင် ဆိုင်ခန်းနှစ်ဆယ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို အရပ်သားနေအိမ်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။

သိန္နီမြို့ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမအကြိမ်တိုက်ပွဲကာလအတွင်း MNDAAနဲ့ ညီနောင်မဟာမိတ် တပ် တွေက တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။

လက်ရှိသိန္နီမြို့မှာတိုက်ပွဲဖြစ်နေတာမရှိပေမယ့် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာလားရှိုးမြို့ကို MNDAAပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတဲ့နောက် လောက်ကိုင်အပါအဝင် MNDAA ထိန်းချုပ်ဒေသတွေ က အရပ်ဘက်နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဟာ ဒီကနေ့မှာလည်း သိန္နီမြို့အနီးတဝိုက် ကျေးရွာတွေဘက်ကို လေယာဉ်တွေ လှည့်ပတ်ပျံသန်း ကာ ဗုံးကြဲတိုက်ခိုက်မှုရှိနေပြီး အသေးစိတ်အခြေအနေတွေကိုတော့ ဖုန်းလိုင်းအခက်အခဲကြောင့် မသိရ သေးဘူးလို့ ဒေသခံကပြောပါတယ်။

MNDAA အပါအဝင် မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်က ထိုးစစ်တွေကို ဇူလိုင် ၁၄ရက်ညကနေ ၁၈ရက်ည အထိ တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာခဲ့ပေမယ့် အဲ့ဒိလေးရက်အတွင်းတိုက်ပွဲတွေဆက်ဖြစ်ခဲ့သလို ဒီကနေ့မှာလည်းလားရှိုးမြို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ လားရှိုးမြို့ခံတွေကပြောကြပါတယ်။