ဘင်္ဂလားဒေ့ရှ်ကလက်မခံလို့ နတ်မြစ်ထဲ သောင်တင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ

Photo-The Daily Star (ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်ဖက်ထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ)

ဇူလိုင်၊ ၁၆

တိုက်ပွဲတွေရှုံးနိမ့်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံတွေဖက်ကို ထွက်ပြေးလေ့ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အခုတကြိမ်မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြား နတ်မြစ်အတွင်း သောင်တင်နေပါပြီ။

မောင်တောမြို့တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ကြောင့် စက်လှေနဲ့ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတရာကျော်ဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က လက်မခံတဲ့အတွက် နစ်မြစ်ထဲမှာ သောင်တင် မျောနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေကရေးသားကြပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ မောင်တောမြို့ပေါ်နဲ့ မြို့အနီး၀န်းကျင်တို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတရာကျော်ဟာ စက်လှေနှစ်စီးနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။

“ရွှေဇာ(ရွာ)နားတိုက်ပွဲက ပြေးလာကြတာ၊ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပါတယ်ကြားတယ်၊ (ဘင်္ဂလားဒေ့ရှ်က) အခုထိ လက်မခံသေးဘူး၊ မြစ်ထဲမှာပဲ ရှိသေးတယ်”လို့ ဒေသခံသတင်းရင်းမြစ်တဦးက မနေ့က ဇူလိုင်၁၅ရက်မှာ DNA ကို ပြောပါတယ်။

မောင်တောမြို့ တိုက်ပွဲတွေကြောင့် မြို့ထဲနဲ့ မြို့အနီး၀န်းကျင်ရွာတွေမှ ရိုဟင်ဂျာအများအပြားဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားရေးသောက်ရေး အခက်ကြုံနေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေတာဖြစ်ပြီး မြို့ထဲ ပိတ်မိနေသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မောင်တောမှာ စစ်တပ်ဖက်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၅)မြို့သူကြီးစခန်းနဲ့ မြို့နီးပတ်လည်စခန်းငယ်အချို့သာ ကျန်တော့ပြီး AA က မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ မကြာတော့ဘူးလို့ စစ်ရေးနီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“မောင်တောလည်း ပြတ်တော့မယ်၊ မကြာတော့ဘူး၊ ဒီကောင်(စစ်ကောင်စီတပ်သား)တွေ ဆုပ်ပြေးနေကြပြီ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ မောင်တောမြို့ပေါ်နဲ့ အနီး၀န်းကျင်က လက်ကျန်တပ်စခန်းတွေကို သိမ်းပိုက်ပြီးရင် မောင်တောမြို့နယ်တခုလုံးနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တ လျှောက်လုံးကိုပါ အပြည့်အ၀ ထိန်း ချုပ်နိုင်တော့မှာဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ် မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ AA ဟာ မောင်တောနဲ့ သံတွဲမြို့တို့ကို အပြီးသတ်သိမ်းနိုင်ဖို့ တပြိုင်တည်းထိုးစစ်ဆင်နေပြီး တောင်ကုတ်၊ အမ်းမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် AA ဟာ ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်သွားမယ်လို့ တရား၀င်အသိပေးထုတ်ပြန်ထားပါတယ်။