ကျိုင်းတုံမှာ ဆယ့်နှစ်ဘီးကားနဲ့ အိမ်စီးကားတိုက်မိလို့ ခြောက်ဦးသေဆုံး

Photo – တိုင်းနာရေးကူညီမှုအသင်း

ဇူလိုင်၊ ၁၅

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ဆယ့်နှစ်ဘီး ကုန်တင်ယာဉ်နဲ့ Toyota Succeed တို့တိုက်မိရာက ယာဉ်တိမ်းမှောက်မှုနဲ့မီးလောင်မှုတွေဖြစ်ကာ စုစုပေါင်း လူခြောက်ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့နဲ့ မီးသတ်ဌာနတို့ဆီကသိရပါတယ်။

ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ကျိုင်းတုံမြို့နယ် ပန်လော့(အထက်)ကျေးရွာအနီး မိုင်တိုင် ၁၁/၄နဲ့ မိုင်တိုင် ၁၁/၅ ကြားမှာ ဒီကနေ့မနက် ရှစ်နာရီကျော်က ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် Toyota Succeed အိမ်စီးကားက မီးလောင်မှုဖြစ်ခဲ့ကာ ၁၂ဘီးကားကတော့ တိမ်းမှောက် သွား တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။သေဆုံးသူခြောက်ဦးဟာ Toyota Succeedကားပေါ်လိုက်ပါ လာသူတွေဖြစ်ပြီး အမျိုးသားလေးဦး၊အမျိုးသမီးနှစ်ဦးပါဝင်တယ်လို့သိရပါတယ်။

ဆယ့်နှစ်ဘီးကားပေါ်လိုက်ပါလာတဲ့ အမျိုးသားနှစ်ဦးဟာလည်း ပြင်းထန်ဒဏ်ရာတွေရခဲ့ပြီး စိုးရိမ်ရတယ်လို့ မီးသတ် ဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျိုင်းတုံအခြေစိုက် တိုင်းနေ နာရေးကူညီမှုအသင်းကလည်း အခင်းဖြစ်နေရာကိုသွားရောက်ကူညီပေးခဲ့ပြီး ယာဉ် တိုက်မှုကြောင့် သေဆုံးခဲ့သူ ခြောက်ဦးရဲ့ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရခဲ့သူနှစ်ဦးတို့ကို ကျိုင်းတုံဆေးရုံ ကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။