စစ်တွေမှာ တလကျော်အတွင်း အရပ်သား တရာကျော်ကို စစ်ကောင်စီအမှုဖွင့်၊ သတင်းမရ ပျောက်နေသူတွေရှိနေ

ဇူလိုင်၊ ၁၀

စစ်ကောင်စီတပ်ဟာ တလကျော်အတွင်းမှာ စစ်တွေမြို့နယ်အတွင်းက ဒေသခံအရပ်သား တထောင်၀န်းကျင်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှ တရာကျော်ကို  အမှုဖွင့်တရားစွဲထားကာ စစ်ကြောရေးထဲ သေဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ မိသားစု၀င်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ဗျိုင်းဖြုရွာမှ ငါးဆယ်ကျော်၊ အမြင့်ကျွန်းရွာမှ တဆယ်ကျော်၊ မင်းဂံရပ်ကွက်မှ လေးဆယ်ကျော်တို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ပြန်မလွှတ်၊ အမှုဖွင့်မခံရဘဲ သတင်းအစအနပျောက်နေသူတွေလည်း ဆယ်ချီ ရှိနေတယ်လို့ ဆိုပါတယ်။

“လူငါးဆယ်လောက်ကို အမှုဖွင့်ပြီး ထောင်ချုပ်မှာ ထားထားတယ်၊ စစ်တပ်လက်ထဲမှာ ဘာမှ အဆက်အသွယ်မရသေးသူတွေလည်း အများကြီး၊ စစ်တပ်က သတ်လို့ သေတာလည်း ထပ်ရှိတယ်တဲ့”လို့ ကိုယ်တိုယ်ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလကုန်မှာ ဗျိုင်းဖြူရွာထဲ ၀ငျရောကျစီးနငျးပွီး အမျိုးသမီး၊ ကလေးငယ်တွေအပါအ၀င် လူတထောင်နီးပါးကို ဖမ်းဆီးကာ  ရွာထဲမှာပဲ ၇၆ ဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ပါတယ်။ 

အဲဒီနောက် ဗျိုင်းဖြူရွာမှ အမျိုးသားရာချီကို ထပ်မံဖမ်းဆီးစစ်ကြောနေခဲ့ကာ အချို့ကို ပြန်လွှတ်ပြီး လူငါးဆယ်ကျော်ကို အမှုဖွင့်တရားစွဲဆိုလိုက်တာပါ။ 

“ရုံးချိန်းမှာတော့ တွေ့ခွင့်ရတယ်၊ တအားအရိုက်ခံခဲ့ရတယ်တဲ့၊ ခန္ဓာထဲက တအားအောင့်တယ်ပြောတယ်၊ ဆေးခန်းပြလို့ မရဘူး၊ ခွင့်မပြုလို့၊ လိမ်းဆေးတွေပဲ ပေးလိုက်ရတယ်”လို့ စစ်ကြောရေးအတွင်း ရိုက်နှက်ခံခဲ့ရပြီး တရားစွဲခံနေရတဲ့ အစ်ကိုဖြစ်သူအကြောင်း ဗျိုင်းဖြူရွာခံ အမျိုးသမီးက ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ  ဇွန်လ ၁၆ ရက်နေ့ကလည်းစစ်တွေမြို့ပေါ် မင်းဂံရပ်ကွက်မှ လူနှစ်ရာကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး အဲဒီထဲက လေးဆယ်ကျော်ကို ပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ အမြင့်ကျွန်းရွာမှ လူခြောက်ဆယ်ကျော်ကို ဖမ်းဆီးခဲ့ကာ တဆယ်ကျော်ကို ပြန်မလွှတ်ပေးဘဲ အမှုဖွင့်ထားပါသေးတယ်။

လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားကြရသူတွေဟာ စစ်ကောင်စီတပ်က စွပ်စွဲအမှုဖွင့်ထားသလို မတရားအသင်းနဲ့ ဆက်စပ်တာမျိုးမရှိဘူးလို့ မိသားစု၀င်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“အကုန်လုံးက ကောင်းရောင်းကောင်းဝယ် လုပ်နေကြသူတွေပါ။ တကယ်ဆက်စပ်တဲ့လူတွေက ရွာမှာလည်း မရှိတော့ဘူးလေ”လို့ အမြင့်ကျွန်းရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမြင့်ကျွန်းရွာသားတွေကိုလည်း ဖမ်းဆီးထားစဉ် ရိုက်နှက်နှိပ်စက်တာတွေ ရှိခဲ့ပြီး တဦးမှာ လက်ကျိုးသွားခဲ့ကာ နောက်တဦးကတော့ စိတ်မနှံ့ဖြစ်သွားခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အဲဒီလိုအပြစ်မရှိသူတွေကို ဖမ်းဆီးနှိပ်စက်တာဟာ မဖြစ်သင့်ဘဲ စစ်ရာဇ၀တ်မှုကျူးလွန်ရာ ရောက်တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

“အပြစ်မရှိတဲ့လူတွေကို ညှင်းပန်းနှိပ်စက်တာက ရင်နာဖို့ကောင်းတယ်၊ ရခိုင်တွေကို လူမျိုးရေးအရ အငြိုးထားလုပ်တာ”လို့ စစ်တွေဒေသခံ တက်ကြွလှုပ်ရှားသူလူငယ်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းက ဒေသခံတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ တရားစွဲဆိုတာတွေအပြင် စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ လူနေကျေးရွာ နှစ်ဆယ်ကျော်မှ ပြည်သူတွေကိုလည်း စစ်တွေမြို့တွင်းသို့ အတင်းအဓမ္မသွင်း၊ ပိတ်လှောင်ထားပါတယ်။

“တပ်တော်က စစ်တွေကို တိုက်တဲ့အခါ လူထုရှိတာနဲ့ လူထုမရှိဘဲ တပ်တခုတည်း ရှိတာနဲ့စာရင် တိုက်ရတာ ခက်ခဲမယ်ပေါ့၊ စစ်တပ်က အဲလိုဖြစ်အောင် လုပ်တာ၊ လူသားဒိုင်းကာပေါ့”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပတ်လည်ရှိ မြစ်ကြောင်းကမ်းနားတလျှောက်နဲ့ မြို့ပတ်လည်မှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပြီး လူအ၀င်အထွက်အားလုံးကို ပိတ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲတစုံတရာ ဖြစ်ပွားတာမျိုးမရှိသေးဘဲ လူနေကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့လတွေတုန်းကလည်း စစ်တွေမြို့အနီးပတ်လည် ကျေးရွာတွေဖြစ်တဲ့ ကျေးတော၊ ဝါဘို၊ တောကန်၊ ရဲရိုးပြင်၊ ချီလိုင်ဖင်းစတဲ့ရွာတွေကို စစ်ကြောင်းထိုးကာ ရွာသားအချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သွားမယ်လို့ အကြိမ်ကြိမ်ထုတ်ပြန်အသိပေးထားပြီး စစ်တွေဒကစ(ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်)၊ အမ်းနပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)တို့အပါအ၀င် လက်ကျန်စစ်ကောင်စီစခန်းတွေကို ပိတ်ဆို့ထားပြီလို့ ဆိုပါတယ်။