ဘုရားစူးလျှို့ဝှက်

ဇူလိုင်၊ ၁၀

(မအလ – ဇော်မဲလုံး နှစ်ပါးခွင်)

ထုံးစံအတိုင်း အာ့ကျကျ၊ အဂိန်း၊ မိုက်လိုက်တာသမီးရယ်၊ ငဟဇော်မဲလုံးနှင့် အသစ်ထပ်ရောက်လာသည့် လက်ညှိုး ထိုးဇော်မဲလုံးတို့ငါးဦး ချိတ်ထဘီများအား ကိုယ်စီစွန်တောင်ဆွဲလျက် “သတ်မတော် ကာကွယ်ရေးဦးစီးချုပ် သူခိုး မဟာသရေစည်သူ သူခိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမအလ” ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့်အခန်းတွင်းသို့ ဝင်သွားကြသည်။

အခန်းတွင်းရှိ စားပွဲတွင်ထိုက်လျက် ထုံးစံအတိုင်း ဖုန်းပွတ်နေသည့် သူတို့၏ဆရာ သတ်ချုပ် ဗိုလ်ချုပ်မှူးကြီး မအလကို တွေ့ကြရသည်။ စားပွဲရှေ့ရောက်တယ်ဆိုရင်ပဲ “အဘ ကျွန်တော်တို့ ရောက်ပါပြီ” ဟု ငါးယောက်စလုံး သံပြိုင်သတင်းပို့လိုက်ကြသည်။

ဒီနေရာတွင် အသစ်ထပ်ရောက်လာသည့် “လက်ညှိုးထိုးဇော်မဲလုံး”နှင့် မိတ်ဆက်ပေးရန်လိုမည်။ သူသည် ဆရာ တော်ကြီးတပါးအား ဖောကားပေါ်မှ ကပစထုတ်သေနတ်များဖြင့် ရွပ်ရွပ်ချွံချွံလိုက်လံ ပစ်ခတ်သတ်ဖြတ်သူတို့မှာ PDF များဖြစ်ကြောင်း ခြေမြန်၊ လက်မြန် ရှေ့ဆုံးက ဦးစွာထွက်၍ လက်ညှိုးထိုး ဗြောင်လိမ်ခဲ့ရာမှ “လက်ညှိုးထိုး” ဟူသောဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ထို့နောက် ဇော်မဲလုံးများစုဝေးရာ သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီသူအဖြစ် ရွေးချယ်ခန့်ထားခြင်းခံခဲ့ရသူဖြစ်သည်။

သတ်ချုပ်ထံ ဇော်မဲလုံးတို့ငါးဦးလုံး အထက်ပါအတိုင်းသတင်းပို့ပြီးပြီးချင်း အနှီလက်ညှိုးထိုးဇော်မဲလုံးကပင် သူ အလွန်အင်မတန်သိချင်လှသော မေးခွန်းတစ်ခုကို ဆိုင်းမဆင့်ဗုံမပါဆိုသလို မေးချလိုက်သည်။

“အဘ…လိုင်းသုံးနေတာလား။ ဘယ် VPN နဲ့ သုံးလို့ အဆင်ပြေ…ပြေ…”

သူ့စကားမဆုံးလိုက်။ ဘေးနားရှိ အာ့ကျကျ၊ အဂိန်း၊ မိုက်လိုက်တာသမီးရယ်နှင့် ငဟတို့ လေးဦးက ဝိုင်း၍ ပါးစပ်ကို အတင်းဆွဲပိတ်ကာ နောက်ဘက်သို့ အမြန်တွန်းပို့လိုက်ကြသည်။ ထို့နောက် သတ်ချုပ်မအလလည်း ခေါင်းမော့   ကြည့်ကာ လက်ညှိုးထိုးဇော်မဲလုံး၏စကားကို မကြားယောင်ဆောင်လျက် –

“ဘယ်လိုလဲ။ ဒေါ်လာထိန်းမရ၊ ရွှေထိန်းမရ၊ ဆီထိန်းမရ၊ ဆန်ထိန်းမရအောင်လုပ်နေတဲ့ အဓိကကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်ပြီလားကွ”

သတ်ချုပ်မအလ၏ အမေးစကားဆုံးသည်နှင့်

“အဲဒါတွေထိန်းမရတာ အဘကြောင့်လို့ ပြောနေကြတာပဲ။ အဘပဲ ဒေါ်လာတွေကို ကန့်သတ်၊ ဘဏ်တွေကို ထိန်းချုပ်၊ ကုန်သွယ်ခွင့်တွေကို ပိတ်ဆို့၊ လိုင်စင်တွေ မပေး…ပေး”

ခြေသွက်လက်သွက်ရှိလှသည့် လက်ညှိုးထိုးဇော်မဲလုံးကပင် လက်ဦးမှုယူကာ ပြန်လည်ဖြေဆိုလိုက်ခြင်းဖြစ်သည်။ အားမာန်အပြည့်ဖြင့် လက်သီးလက်မောင်းတန်းကာပြောနေသော သူ့အား ကျန်လေးဦးက ထုံးစံအတိုင်း ပါးစပ်ကို အတင်းဆွဲပိတ်သူကပိတ်၊ လက်တွေကို ဖမ်းချုပ်ကာ အနောက်သို့ တွန်းပို့သူကပို့ လုပ်ရပြန်သည်။ သတ်ချုပ်လည်း ထုံးစံအတိုင်း မကြားဟန်ပြု၍ သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနမှ ဝါရင့်၊ သမ္ဘာရင့်ဖြစ်သူ အာ့ကျကျဘက် လှည့်ကာ

“အခြေအနေမှန် သိရအောင် ပြောပါဦး အာ့ကျကျ”

“ဟုတ်ကဲ့ပါ အဘ…အာ့ကျကျ။ ရွှေဘက်ကတော့ အတော်လေးငြိမ်သွားပါပြီ။ ရောင်းလည်း မရ၊ ဝယ်လည်း မရဆိုတော့လေ…အာ့ကျကျ။ ဆန်လည်း ကျွန်တော်တို့ သတ်မှတ်စျေးနဲ့ သွားနေပါတယ်။ ဆန်ကွဲနဲ့ ဆန်ကြမ်း တွေတော့ စျေးကွက်ထဲ မျက်နှာပန်းပြန်ပွင့်လာတယ်လို့ ဆိုပါတယ် အဘ…အာ့ကျကျ”

“ဆန်ကွဲနဲ့ ဆန်ကြမ်းက ဘာလို့ မျက်နှာပန်းပွင့်ရတာလဲ”

“ရောဖို့လေ အဘရဲ့။ ရောဖို့…ရောဖို့။ ရွှေဘိုထဲရော၊ ဖျာပုံထဲရော၊ ပေါ်ဆန်းလည်းရော၊ ဧည့်မထလည်းရော၊ ငစိန်လည်း ရော၊ ဘာလာလာရောဖို့ပေါ့”

ဒီလောက်တောင် မသိရန်ကော၊ ထုံပြန်၊ ထိုင်းပြန်၊ ဒူပြန်ရောဆိုသည့်အကြည့်ဖြင့် သတ်ချုပ်မအလအား စိုက်ကြည့် ကာ လက်ညှိုးထိုးဇော်မဲလုံးကပင် လက်ဦးမှုယူကာ အလျင်အမြန်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ကျန်လေးဦး တားရန်၊ ဆီးရန်ပင် မမီလိုက်တော့။ သတ်ချုပ်မအလလည်း ဒီတစ်ကြိမ်တွင်တော့ လက်ညှိုးထိုးဇော်မဲလုံးအား တချက်စိုက် ကြည့်လိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းရတော့သည်။

“ဟုတ်ပါပြီ။ အဲဒါတွေထားပါတော့ အခုမင်းတို့ကို ခေါ်ရတဲ့အဓိကအကြောင်းက ဖရဲသီးကိစ္စပဲ”

“ဟာ…ဖရဲသီးလား။ ဖရဲသီးဆို ကျွန်တော်က သိပ်ကြိုက်တာ”

လက်သွက်ခြေသွက် လက်ညှိုးထိုး၏ လက်ဦးမှုယူပြောဆိုသံပင်ဖြစ်သည်။ ဒီတကြိမ်တွင်တော့ သူ့ကို သတ်ချုပ် မအလ သည်းမခံတော့ပြီ။ ဘေးနားချထားသည့် ကျည်ကာအင်္ကျီဖြင့် ပစ်ပေါက်တော့သည်။ ကျန်လေးဦးကလည်း မဖြစ်ချေတော့ဟုဆိုကာ သူ့ပါးစပ်ကို တိတ်ဖြင့် ပိတ်လိုက်ကြသည်။ ဒါတောင် သင်းထံမှ “အာဝု…အာဝု” ဟူသည့် အသံ ထွက်ထွက်လာနေသေး၏။

“မင်းတို့လည်း သိပြီးဖြစ်တဲ့အတိုင်း ငါတို့ဆီမှာ ဖရဲသီးတွေ အတော်သောင်းကြမ်းနေတယ်။ ဘယ်လောက်ထိလဲဆို သေးတောင်ဖြောင့်ဖြောင့်မပေါက်ရဲတော့လောက်အောင်ပဲ။ တနေ့အိမ်သာဘယ်နှကြိမ်ဝင်တယ်ကအစ ဟိုဘက်ကို သတင်းကရောက်နေတာဆိုတော့ အဲဒီကိစ္စ မင်းတို့နဲ့ အကြိတ်အနယ်ဆွေးနွေးချင်တယ်။ ဖရဲသီးပပျောက်ရေး စီမံချက်ကြီးတခု ပေါ်ထွက်လာတဲ့အထိပေါ့”

ထိုသို့ဖြင့် သတ်ချုပ်မအလ၏ “ဖရဲသီးပပျောက်ရေးစီမံချက်”အား မိုးလင်းကနေမိုးချုပ်ထိ နဖူးတိုက်၊ ဒူးတိုက်ဖြင့် အကြိတ်အနယ်ဆွေးနွေးကာ မပြီးပြတ်သဖြင့် နောက်တရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။ ထိုညတွင်းချင်းမှာပင် ထိုစီမံချက်အကြောင်းတစွန်းတစ အွန်လိုင်းတွင် ပေါက်ကြားသွားတော့၏။ သတ်ချုပ်အပါ ခြောက်ဦးသာတွေ့ဆုံ ဆွေးနွေးသည့်အနှီအကြောင်းအရာ ပေါက်ကြားခြင်းသည် လက်သွက်ခြေသွက်လက်ညှိုးထိုးဇော်မဲလုံး၏ လက် ချက်သာဖြစ်လိမ့်မည်ဟု သတ်ချုပ်နှင့် ကျန်ဇော်မဲလုံးလေးဦးတို့က တထစ်ချကောက်ချက်ချလျက် လက်ညှိုးထိုး အား ချက်ချင်းပင် ဖမ်းဆီးလိုက်တော့သည်။

ထို့နောက် သတ်ချုပ်နှင့် ဇော်မဲလုံးလေးဦးတို့ “ဖရဲသီးပပျောက်ရေးစီမံချက်”အကြောင်း ဆက်လက်ဆွေးနွေးကြပြန် သည်။ ထပ်မံ၍ ထိုညတွင်းချင်းမှာပင် လွတ်လွတ်ကျွတ်ကျွတ်ပေါက်ကြားသွားပြန်သည်။ ဇော်မဲလုံးတို့လေးဦးထဲမှ ဝါနုသူ ငဟအဖမ်းခံလိုက်ရသည်။ ထို့နောက် ဆက်ဆွေးနွေးသည်။ ဆက်၍ ပေါက်ကြားသည်။ မိုက်လိုက်တာသမီး ရယ် အဖမ်းခံရသည်။ ထပ်၍ ဆွေးနွေးပြန်သည် အဂိန်းအဖမ်းခံရသည်။ ထပ်၍ သတ်ချုပ်နှင့် အာ့ကျကျတို့ ဆရာ ရင်းတပည့်နှစ်ဦးတည်း ဆွေးနွေးပြန်သည်။ ညတွင်းချင်းပေါက်ကြားသွားပြန်သည်။ အာ့ကျကျ တယောက် အချုပ် ထဲရောက်သွားတော့သည်။

နောက်ဆုံးတော့ အနှီ“ဖရဲသီးပပျောက်ရေးစီမံချက်”ကို အကောင်အထည်ဖော်ရန် သတ်ချုပ်တဦးတည်းသာ ကျန်ရှိ တော့သည်။ ထိုစီမံချက်ကို တဦးတည်းအားကုန်သုံး၍ နေ့နေ့ညညမအိပ်မနေ အကောင်အထည်ဖော်လေရာ သုံးည အိပ်လေးရက် ဘုရားစုံဖူးခရီးတထောက်အကြာတွင် အနှီဖရဲသီးပပျောက်ရေးစီမံချက်ကြီး အောင်မြင်စွာပြီးဆုံးလေ သည်။ မိမိလိုချင်တောင့်တလျက်ရှိသော အနှီစီမံချက်ကြီးကို အောင်မြင်စွာရေးဆွဲပြီးပြီဖြစ်သဖြင့် ကွန်ပျူတာအား ပိတ်ကာ ကျောလေးဆန့်၍ ဖုန်းကောက်ပွတ်လိုက်သည်။

“သတ်ချုပ်တဦးတည်း မအိပ်မနေရေးဆွဲထားသော ဖရဲသီးပပျောက်ရေးစီမံချက်”

အနှီခေါင်းစဉ်ဖြင့် မျက်စိရှေ့ရောက်လာသည့် အွန်လိုင်းပေါ်က သတင်းတပုဒ်။ ထိုသတင်းနှင့်အတူ “အထူးထိပ် တန်းလျှို့ဝှက်”ဟူသည့်စာသားပါသော မိမိကိုယ်တိုင်စောစောလေးကမှ စာစီစာရိုက်ကာ အချောသပ်ပြီး ကွန်ပျူ တာထဲသိမ်းဆည်းလိုက်သည့် ဖရဲသီးပပျောက်ရေးစီမံချက်စာမျက်နှာများ ပူးတွဲဖော်ပြထားသည်ကို တွေ့လိုက်ရ တော့သည်။

ကိုရင်နွေဦး