ဂွမှာ စစ်ကောင်စီက စစ်ရေးပြင်၊ မိုင်းထောင်လို့ ဒေသခံတွေ တိမ်းရှောင်နေရ

ဇူလိုင်၊ ၄

တိုက်ပွဲမရှိသေးတဲ့ ရခိုင်ပြည်နယ်တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းစစ်ရေးလှုပ်ရှားတာ မြေမြှပ်မိုင်းထောင်တာတွေ ရှိနေတာကြောင့် တိမ်းရှောင်နေရသူတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေချင်းထိစပ်ပြီး ကပ်ရပ်မှာရှိတဲ့ သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ တခုပြီး တခု သိမ်းပိုက်ခံနေရချိန် ဂွမြိုနယ်မှာ စစ်အင်အားတိုးချ၊ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က မိုင်းတွေ နေရာတိုင်းမှာ လိုက်ထောင်နေတယ်၊ စစ်သားတွေ လည်း ဟိုသွားဒီသွားနဲ့ လမ်းတိုင်းမှာ၊ အဖမ်းအဆီးလည်း ရှိတယ်၊ ဒီမှာ မနေရဲဘူး၊ စိုးရိမ်နေရတယ်”လို့ ဂွမြို့ခံတဦးက DNA က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂွအခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေမှာ အင်အားတိုးချနေသလို ဂွ – သံတွဲကားလမ်းတလျှောက်မှာလည်း စစ်စခန်းသစ်တွေနဲ့ စစ်ဆေးရေးဂိတ်သစ်တွေ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဂွမြို့နယ်အတွင်းရှိ လူနေရွာအနီး၀န်းကျင်တောင်တန်းတွေ၊ မြို့ပတ်လည်နေရာတွေမှာလည်း မိုင်းထောင်တာတွေ ရှိနေပြီး အခုတပတ်အတွင်းမှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

“မိုင်းထောင်ထားတယ်၊ အပြင်မသွားကြဖို့ ကြေငြာနေတယ်၊ မိုင်းရှိလို့ လူတွေမှာ အလုပ်လည်း သေချာမလုပ်နိုင်တော့ဘူး၊ စစ်သားတွေလည်း ဟိုနား ကင်းပုန်း၀ပ် ဒီနားကင်းကုန်း၀ပ်နဲ့ တွေ့တယ်”လို့ ဂွမြို့နယ် ကျိန္တလီမြို့မှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ မြေမြှပ်မိုင်းတွေ ထောင်ထားတာကြောင့် ဂွမြို့ပေါ်နဲ့ ကားလမ်းတလျှောက်ကျေးရွာတွေအတွင်းမှ ဒေသခံေတွဟာ ရန်ကုန်အပါအ၀င် ဘေးလွှတ်ရာလို့ ယူဆတဲ့နေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

“ရန်ကုန်ဖက် သွားတဲ့သူတွေ တအားများနေတယ်၊ လမ်းကလည်း ကြပ်တယ်၊ ထောက်ခံစာတွေနဲ့မှ သွားလို့ရတယ်”လို့ ဂွမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ တောင်ဖက်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် AA ကတော့ ရခိုင်မြို့နယ်အားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။

ဂွမြို့နယ်က တိုက်ပွဲတွေပြင်းထန်နေတဲ့သံတွဲမြို့နဲ့မိုင်၈၀ ကျော်ကွာဝေးပြီးဧရာဝတီတိုင်းငါးသိုင်းချောင်းမြို့နဲ့၅၇မိုင်ကွာဝေးပါတယ်။ လတ်တလောကာလမှာ စစ်ကောင်စီက သံတွဲ-ဂွ-ငါးသိုင်းချောင်းကားလမ်းမကြီးတလျှောက် စစ်ဆေးရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားတဲ့ AA ဟာ သံတွဲ၊ အမ်း၊ မောင်တောမြိုနယ်တို့အတွင်းက လက်ကျန်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာပါ တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။