ဆိုးလ်မြို့လယ်မှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုကြောင့် ကိုးဦးသေဆုံး

Photo – AP

ဇူလိုင်၊ ၂

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရဲ့ မြို့လယ် ဧရိယာမှာ လူအုပ်ထဲ ကားတစီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု မဟုတ်ဘဲ ဆိုးရွားတဲ့ မတော်တဆမှု တခုလို့သာ ရဲတွေက ကနဦး ယူဆထားပါတယ်။ အသက် ၆၈ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားကိုတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ ဖမ်းဆီး ရမိခဲ့ပါတယ်။

ဇူလိုင် ၁ ရက်နေ့ ညပိုင်းက ဆိုးလ်မြို့တော်ခန်းမနားမှာ လမ်းကူးဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ထဲကို ကားတစီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားဟာ တခြားကား နှစ်စီးကို အရင်ဆုံး တိုက်မိပြီးမှ လူတွေကြားထဲ ဝင်သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ခဲရင့်ရောင် မော်တော်ကားရဲ့ ရှေ့ပိုင်း စက်ဖုံးပါ လန်ထွက်နေတာကို တွေ့ရပါတယ်။

ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦးကတော့ နောက်ဆက်တွဲ ဒဏ်ရာပြင်းလွန်းလို့ ကွယ်လွန်ခဲ့ကြောင်း၊ လူ ၄ ဦးထက်မနည်းကို ဆေးရုံ တင်ပို့ထားရပြီး အသေအပျောက် ဦးရေ တိုးလာနိုင်ကြောင်း ရဲတွေက ပြောကြားထားပါတယ်။

ဖြစ်စဉ်ကို ရဲတွေက ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်မောင်းဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သောက်စား အသုံးပြုထားသလား ဆိုတာကိုလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။ ကားဟာ မြို့တွင်း ဧရိယာတွေမှာ သတ်မှတ်ထားတဲ့ မြန်နှုန်းထက် အများကြီးပိုပြီး အရှိန်တင် မောင်းနှင်လာခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ နှစ်အလိုက် ယာဉ်မတော်တမှုကြောင့် အသေအပျောက် စာရင်းတွေ ဆက်တိုက် ကျရိပ်ပြလာနေချိန်မှာ အခုလို ဆိုးရွားတဲ့ ယာဉ်တိုက်မှုမျိုးနဲ့ ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: BBC