စစ်ကောင်စီနဲ့တကျော့ပြန်တိုက်ပွဲ၁၀၂၇စစ်ဆင်ရေးအဆက်လို့TNLAထုတ်ပြန်၊ကျောက်မဲမှာလက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံး

Photo – Social Media

ဇွန် ၊ ၂၅

ဟိုင်ဂင်သဘောတူညီမှုနဲ့အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ်(TNLA) ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး တကျော့ပြန်တိုက်ပွဲတွေပြန်လည်ဖြစ်ပွါးခဲ့ကာစစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ ၉ ရပ်ကွက်နေ အမျိုးသမီးတဦးနဲ့ ၈ ရပ်ကွက်ခွန်လွတ်စျေးနားမှာ အမျိုးသားတဦး လက်နက်ကြီးထိမှန်သေဆုံးသွားတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

 “အမျိုးသားက အသက် ၃၀ဝန်းကျင်၊ အမျိုးသမီးကတော့ ငယ်သေးတယ် ၂၀ ကျော်ပဲရှိမယ်ထင်တယ် ဦးခေါင်းကို ကျည်ထိမှန်ပြီး ဆုံးသွားတာပါ ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်” လို့ သူကပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီကျော်လောက်ကစတင်ပြီး ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာကြောင့် စစ်တပ် လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေသလို မြို့အဝင်အထွက်တွေကိုလည်း ပိတ်ပင်ထားတယ်လို့ သူကပြောပါတယ်။

 “အခုလက်နက်ကြီးကျတဲ့ ၈ ရပ်ကွက်ဆိုတာက မြို့တောင်ဖက် စစ်တပ်ရဲ့ ၅၀၁ နဲ့ ၅၀၂ တပ်တွေနဲ့ နီးတယ်လို့ ပြောရင်ရတယ်။ တချို့တွေကလည်း ပလောင်တွေမြို့သိမ်းတိုက်ပွဲပြန်လုပ်နေတယ်လိုပြောကြတယ်။ ပစ်ခတ်နေတော့ ဘယ်သူမှာလည်း အပြင်မထွက်ရဲကြဘူး”  လို့ နောက်ထပ်ဒေသခံ အမျိုးသား တဦးကပြောပါတယ်။

မြို့အနီးတကျော့ပြန်တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့မစျေးအပါအဝင် ဆိုင်ခန်းတွေ အားလုံးနီးပါးပိတ်သိမ်းထားသလို ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဒါအပြင် ကျောက်မဲနဲ့ သီပေါကြားရှိ ကျင်တီတံတားကိုလည်း ဒီကနေ့မနက်ပိုင်းကစလို့ ပိတ်ပင်ထားပြီး အဲဒီတံတားက ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်ဆီးသွားခဲ့ပေမယ့် ယာယီတံတားနဲ့ ကားငယ်တွေကို ဖြတ်သန်းခွင့်ပြုထားတာပါ။ 

မနေ့က ညနေပိုင်းကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲအပါအဝင် နယ်မြေချင်းထိစပ်နေတဲ့ မန္တလေးတိုင်းမိုးကုတ်မြို့နယ်တွေမှာမြောက်ပိုင်း ညီနောင်သုံးဖွဲ့ထဲက တအာင်းတပ် TNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေကြတာပါ။

အခုတိုက်ပွဲတွေက တရုတ်ကြားဝင်ပေးမှုကြောင့် ရပ်နားထားခဲ့ရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဒုတိယလှိုင်းအဖြစ် ထပ်မံဖော်ဆောင်တာဖြစ်တယ်လို့ TNLA နဲ့ နီးစပ်သူတွေကဆိုကြပါတယ်။

ရှမ်းမြောက် ဒေသအများအပြားကို သိမ်းယူနိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင် ငံရဲ့ကြားဝင်မှုပေါ်ပေါက်လာတဲ့ ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်မှာအပစ်ရပ်ထားရပေမယ့်စစ်ကောင် စီအနေနဲ့ ဒီသဘောတူညီချက်ကိုလိုက်နာနိုင်မလားဆိုတာ သံသယရှိတယ်လို့ TNLA ဖက်က ပြောထားပါတယ်။

“တင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။ လူ ထုအပေါ်မှာ ဖိနှိပ်မှုတအားများလာမယ်ဆိုရင်တော့ လူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ အဲ့လိုဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ဒေသထဲမှာ တိုက်ပွဲတွေကအချိန်မရွေးပြန်ဖြစ်လာနိုင်တယ်”လို့ဗိုလ်ချုပ်တာဘုန်း ကျော်ကပြောပါတယ်။

TNLA အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော်ကို အဲ့ဒီတပ်ဖွဲ့ သတင်းပြန်ကြားရေးဌာနက စစ်ကောင်စီနဲ့အပစ်ရပ်မှုအခြေအနေ၊ မဟာမိတ်တပ်တွေကြား အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ထားကာမနေ့ကထုတ်ပြန်ခဲ့တဲ့ရုပ်သံဖိုင်မှာသူကပြောကြားခဲ့တာပါ။

TNLA သတင်းနဲ့ပြန်ကြားရေးဌာနကလည်းမိုးကုတ်၊ကျောက်မဲနဲ့နောင်ချိုမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဒီကနေ့ထုတ်ပြန်ထားပြီး ၁၀၂၇ စစ်ဆင်ရေး (အဆက်)လို့ဖော်ပြထားတာတွေ့ရပါတယ်။

အခြေအနေအသေးစိတ်သိရဖို့အတွက် TNLAဖက်ကိုDNA ကဆက်သွယ်နေဆဲဖြစ်ပါတယ်။