မဟာမိတ်အချင်းချင်း ပွတ်တိုက်မှုတွေကိုမစိုးရိမ်ဖို့ TNLAပြော၊ စစ်ကောင်စီနဲ့အချိန်မရွေးတိုက် ပွဲပြန်ဖြစ်နိုင်တယ်လို့သတိပေး

Photo – TNLA

ဇွန်၊ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လက်နက်ကိုင်တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေကြား အငြင်းပွားမှုပြ ဿနာတွေပိုမိုကြီးထွားမလာအောင်လုပ်ကိုင်ဖို့ အောက်ခြေတပ်ဖွဲ့တွေကိုညွှန်ကြားထားသလို ခေါင်းဆောင်ချင်း လည်းတွေ့ဆုံညှိနှိုင်းမှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ တအာင်းတပ် PSLF/TNLA ကပြောပါတယ်။

PSLF/TNLA အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော်ကို အဲ့ဒီတပ်ဖွဲ့ သတင်းပြန်ကြားရေးဌာနက စစ်ကောင်စီနဲ့အပစ်ရပ်မှုအခြေအနေ၊ မဟာမိတ်တပ်တွေကြား အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ထားတဲ့ရုပ်သံဖိုင်ကို မနေ့က ထုတ်ပြန်လာတာပါ။

“ခေါင်းဆောင်တွေအမြန်တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမယ်၊နိုင်ငံရေးအရပြေလည်မှုတွေရရှိအောင်ဆောင်ရွက်သွား မယ်ဆိုရင်တော့မပြေလည်စရာနိုင်စရာ အကြောင်းဘာမှမရှိပါဘူး”လို့ ဗိုလ်ချုပ်တာဘုန်းကျော်ကဆိုပါတယ်။

MNDAA ၊ AA တို့နဲ့အတူ ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီကိုထိုးစစ်ဆင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခဲ့ ပြီးနောက် မြို့နယ်တချို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ TNLA တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ကာ လအတွင်း မဟာမိတ်တပ်ဖွဲ့တချို့နဲ့ ထိန်းချုပ်နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေရှိနေတာပါ။

ဗိုလ်ချုပ်တာဘုန်းကျော်ကတော့ လတ်တလောTNLA တပ်ဖွဲ့နဲ့ အောက်ခြေမှာ အငြင်းပွားမှုတွေဖြစ်ထားတဲ့ SSPP၊ MNDAA၊KIA စတဲ့ မဟာမိတ်တပ်ဖွဲ့တွေအားလုံးဟာ စည်းစည်းလုံးလုံးနဲ့ အာဏာရှင်စနစ်ကို အတူတူတော်လှန် ကြဖို့အလုပ်လုပ်နေတဲ့ မဟာမိတ်တွေဖြစ်တာကြောင့်  ဆက်ဆံရေးကောင်းရှိနေဆဲပဲလို့ ပြောပါတယ်။

“အောက်ခြေကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မလိုအပ်တဲ့ပြဿနာတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ အမြဲတမ်း ညွှန်ကြားပါတယ်၊ ဒါကြောင့် ဒီထပ်ပိုပြီးတော့ဘာမှလည်း စိုးရိမ်စရာမရှိဘူးလို့ ကျွန်တော်ပြော ချင်ပါတယ်” လို့သူ ကဆိုပါတယ်။

ရှမ်းမြောက် ဒေသအများအပြားကို သိမ်းယူနိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင် ငံရဲ့ကြားဝင်မှုပေါ်ပေါက်လာတဲ့ ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်မှာအပစ်ရပ်ထားရပေမယ့်စစ်ကောင် စီအနေနဲ့ ဒီသဘောတူညီချက်ကိုလိုက်နာနိုင်မလားဆိုတာ သံသယရှိတယ်လို့လည်း ပြောပါတယ်။

“တင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။ လူ ထုအပေါ်မှာ ဖိနှိပ်မှုတအားများလာမယ်ဆိုရင်တော့ လူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ အဲ့လိုဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ဒေသထဲမှာ တိုက်ပွဲတွေကအချိန်မရွေးပြန်ဖြစ်လာနိုင်တယ်” လို့ဗိုလ်ချုပ်တာဘုန်း ကျော်ကပြောပါတယ်။

TNLA ဘက်က လတ်တလော နေ့စဉ် သတင်းထုတ်ပြန်ချက်တွေအရတော့ စစ်ကောင်စီဟာ အပစ်ရပ် သဘော တူညီချက်တွေကို ချိုးဖောက်ပြီး တအာင်းဒေသထဲမှာ လက်နက်ကြီးပစ်ခတ်တာ၊လေကြောင်း တိုက် ခိုက်တာ တွေလုပ်နေတယ်လို့ အပြစ်တင်ထားပါတယ်။

စစ်ကောင်စီဟာ မနေ့ကကျောက်မဲ၊နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တွေအတွင်း TNLA တပ်တွေရှိရာ ဒေသ တွေကို လက်နက်ကြီးကိုးလုံးပစ်ခတ်ခဲ့ပြီး အဲ့ဒီမတိုင်ခင် ဇွန် ၂၃ရက်ကလည်း နောင်ချိုမြို့နယ်ထဲက ဆမ္မဆယ်ရွာ ကို လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့သေးတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

တအာင်းဒေသအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ဒရုန်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုလ ၉ရက်ကနေ ၂၄ရက်အထိ TNLA တပ်ဖွဲ့ဝင် သုံးဦးနဲ့ အသက်ဆယ်နှစ်အရွယ် ကလေးတဦး သေဆုံးကာ TNLA တပ်ဖွဲ့ဝင် လေး ဦးနဲ့ အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ အချက်အလက်တွေမှာဖော်ပြပါတယ်။

“စကစက သူလိုအပ်သလို စစ်ကစားနေမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လူထုကိုအထူးမှာကြားချင် တာက တော့ တော်လှန်ရေး သတိ၊စစ်ရေးသတိတော့မပြတ်ဖို့လိုပါတယ်”လို့ ဗိုလ်ချုပ်တာဘုန်းကျော်ကဆိုပါတယ်။