နာမည်ကျော်ခရီးသွားဒေသ ငပလီကမ်းခြေရှိ  မဇင်လေဆိပ်ကို  AA  သိမ်းပိုက်

Photo – Social Media

ဇွန်၊ ၂၃

နာမည်ကျော် ခရီးသွားဒေသသံတွဲမြို့ ငပလီကမ်းခြေရှိ  မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ဒီကနေ့ဇွန်လ ၂၃ရက်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

AAထိုးစစ်ကြောင့် ငပလီမဇင်လေယာဉ်ကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆုတ်ခွာထွက်ပြေးသွားပြီးနောက် AAက ဝင်ရောက်ထိန်းချုပ်လိုက်တာလို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကဆိုပါတယ်။

“သူတို့ဖက်ကခလရ၅၅တို့၅၆၆တို့ပေါင်းထားတာပေါ့ခံစစ်အတွက်၊ အကုန်ထွက်ပြေးတော့တပ်တော်ကဒီမနက်ပိုင်းကလေဆိပ်နဲ့ဝန်းကျင်ကိုသိမ်းလိုက်တာ မြို့လည်းသိပ်မကြာနိုင်တော့ဘူး”လို့သူကDNAကိုပြောပါတယ်။

ငပလီကမ်းခြေရှိမဇင်လေဆိပ်ဟာ သံတွဲမြို့နဲ့၄မိုင်လောက်အကွာမှာတည်ရှိတာပါ။လက်ရှိမှာတော့AAတပ်တွေကမဇင်လေဆိပ်နဲ့ တမိုင် ကျော်လောက်မှာရှိတဲ့ ခလရ ၅၆၆ ကို ဆက်လက် ထိုး စစ်ဆင်နေတယ်လို့လည်းသိရပါတယ်။ 

နာမည်ကျော်ငပလီကမ်းခြေတည်ရှိတဲ့ ရခိုင်ပြည်တောင်ပိုင်းသံတွဲမြို့ကို AAက ပြီးခဲ့တဲ့လပိုင်းကစလို့ထိုးစစ်ဆင်နေပြီး မြို့ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတာပါ။

သံတွဲမြို့နယ်မှာ စစ်ကောင်စီဖက်မှာခလရ (၅၅)၊ ခမရ (၅၆၆) နဲ့အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၇၅)၊ အမတ (၃၄၆)တို့ရှိပါတယ်။

မဇင်လေယာဉ်ကွင်းအနီးရှိ စစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုလည်း AAကတရပ်စပ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ရေတပ်၊လေတပ်နဲ့လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ကြားကလေဆိပ်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင်သံတွဲမြို့နဲ့မိုင် ၄၀ ကျော်အကွာမှာတည်ရှိတဲ့ တောင်ကုတ်မြို့ကိုလည်း AAကပိတ်ဆို့ထားပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။

အမှတ်၅စစ်ဆင်ရေးကွပ်ကွဲမူဌာနချုပ်(စကခ၅)တည်ရှိတဲ့ တောင်ကုတ်မြို့မှာ AAထိုးစစ်ဆင်မယ့်သတင်းကြောင့် စစ်ကောင်စီဖက်က အင်အားဖြည့်တာတွေပြုလုပ်နေပြီးခံစစ်ပြင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။ သံတွဲနဲ့တောင်ကုတ်ကိုသာ AAသိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ရခိုင်တောင်ပိုင်းမှာ ဧရာဝတီတိုင်းအစပ်ကဂွမြို့သာကျန်ရှိတော့မှာပါ။

တကျော့ပြန်တိုက်ပွဲ၇လတာကာလအတွင်း AAကရခိုင်ပြည်နယ်မြို့နယ်၉ခုနဲ့ချင်းတောင်ပိုင်းပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထားပါတယ်။