ပူတင်နဲ့ တွေ့ဆုံချိန် ကင်ဂျုံအန်းရဲ့ ကျန်းမာရေး အခြေအနေအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေ

ဇွန် ၊ ၂၂

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဧည့်ခံ တွေ့ဆုံခဲ့စဉ် အတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

 

ကင်ဟာ အခုသီတင်းပတ် အစောပိုင်းက ပြုံယမ်းမှာ ဧည့်သည်တော် ပူတင်ကို ဧည့်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တရပ်ကိုပါ အတူတကွ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကင်ရဲ့ ပုံပန်းသဏ္ဍန်က ကျန်းကျန်းမာမာ ကြံ့ကြံ့ခိုင်ခိုင် သိပ်မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်ရဲ့ CIA ထောက်လှမ်းရေး အရာရှိဟောင်း တဦးက ကင်ရဲ့ အနေအထားက အရမ်း ကျန်းမာနေပုံတော့ မပေါ်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ အရင်အခြေအနေတွေနဲ့ ယှဉ်ရင် ကင်ဟာ သိပ်ပြီး တက်ကြွနိုးကြားပုံ မပေါ်ဘူးလို့ စောင့်ကြည့်နေသူတွေက ပြောပါတယ်။

ကင်ရဲ့ ကျန်းမာရေး အခြေအနေအပေါ် ထင်ကြေးမျိုးစုံ ထွက်ပေါ်တတ်တာက အခုတကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ကင်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက သိသိသာသာ ဝိတ်ချလိုက်ပြီး အတော်လေး လန်းဆန်း တက်ကြွတဲ့၊ ကျန်းမာတဲ့ပုံစံ ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ပူတင်နဲ့ တွေ့ဆုံချိန်မှာ သူက ဝိတ်ပြန်တက်ပြီး လေးလံထိုင်းမှိုင်းနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအာဏာကို တဦးတည်း အဓိက ချုပ်ကိုင်ထားတဲ့ ကင်ရဲ့ ကျန်းမာရေးဟာ မြောက်ကိုရီးယားရဲ့ ကံကြမ္မာနဲ့ မူ​ဝါဒတွေကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ ကဏ္ဍတခု ဖြစ်နေပါတယ်။

မြောက်ကိုရီးယားဟာ ပြည်တွင်း အခြေအနေတွေနဲ့ ပတ်သက်ရင် သတင်းလွတ်လပ်ခွင့်ကို အလွန်အကျွံ တင်းကျပ်ထားလေ့ ရှိတာကြောင့်လည်း ကင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိတိကျကျ အတည်ပြုဖို့ ခက်ခဲလေ့ ရှိပါတယ်။

Ref: Fox