မဟနအဖွဲ့ဝင်ဟောင်းဆရာတော်ပစ်ခတ်ခံရမှုနဲ့ ဝိရောဓိများ

 ဇွန်၊ ၂၀

ပဲခူးမြို့က လူသိများတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ပဓာန နာယကဆရာတော် အရှင် မုနိန္ဒာဘိဝံသဟာ မနေ့က မန္တလေးကိုခရီးသွားရင်း ငါန်းဇွန်မြို့နယ်အတွင်း ပစ်ခတ်ခံရပြီးပျံလွန်တော်မူခဲ့ပါတယ်။

သာသနာရေးနယ်ပယ်မှာ ထင်ရှားတဲ့ကျမ်းပြုဆရာတော်တပါးဖြစ်သလို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဟောင်းလည်းဖြစ်တဲ့ဒီဆရာတော်ဟာသူလိုက်ပါလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆရာတော်ဦးခေါင်းနောက် စေ့ကိုလက်နက်ငယ်ကျည်ထိမှန်ပြီးပျံလွန်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ဆရာတော် အရှင် မုနိန္ဒာဘိဝံသဟာ ပရိယတ္တိသာသနာရေးမှာ မှီငြမ်းအသုံးပြုသူများတဲ့ ရှင်းတမ်းကျမ်းတွေ အပါအဝင် ကျမ်းစာတွေရေးသားခဲ့သလို စာချသက်တမ်း ဆယ်စုနှစ်လေးခုကျော်လောက်ရှိတဲ့ ပါဠိပါရဂူဘွဲ့၊ တိပိဋကဘွဲ့ရ၊ နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်တပါးလည်းဖြစ်ပါတယ်။

ဆရာတော်ဟာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်အဖြစ် ၂၀၁၁ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

အာဏာသိမ်းကာလအတွင်း လူသိများထင်ရှားတဲ့သံဃာတော်တချို့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပျံလွန်ခဲ့ရ တာတွေရှိပေမယ့် မဟနအဆင့်၊ထင်ရှားတဲ့ ကျမ်းပြု၊စာချဆရာတော်တပါး ပျံ လွန်တော်မူရတာကတော့ ပထမ ဆုံးအကြိမ်ပါ။

ဆရာတော်ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ မနေ့က တံတားဦးလေဆိပ်အနီးမှာ၊မတ္တရာနယ်ဘက်မှာ စစ်ကောင်စီ တပ်က ပစ်ခတ်တာ လို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ဒါပေမယ့် စစ်ကောင်စီဘက်ကထုတ်ပြန်ချက် မှာတော့ PDFတွေ လက်ချက်လို့ဖော်ပြပါတယ်။

ဆရာတော်ဟာ မန္တလေးမြို့က မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိ ကာယဗဟိုဌာန)မှာ ဒီကနေ့ ကျင်းပမယ့် ရွှေ ကျင်နိကာယဗဟိုဌာနအစည်းအဝေးအတွက် အကြိုညှိနှိုင်းဆောင်ရွက်ဖို့ ရန်ကုန်မြို့ကနေ လေယာဉ်နဲ့ ခရီးသွား ခဲ့တာပါ။

စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရ ဆရာတော်ဟာ မနေ့က မနက် ဆယ်နာရီလောက်မှာ တံတားဦးလေဆိပ် ကိုရောက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက် ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်စာသင်တိုက်ဆရာတော်နဲ့ အတူ ငါန်းဇွန်မြို့နယ်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

ကန်သုံးဆင့်ဆရာတော်ရဲ့ဇာတိ ကမ္မရွာကို တံတားဦး-ငါန်းဇွန်-သကျင်-ကမ္မလမ်းကြောင်းအတိုင်း သွားရင်း စစ် ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်နေတဲ့ သကျင်ရွာနဲ့ ကမ္မရွာကြားအရောက် နေ့လယ်တနာရီခွဲ လောက်မှာဆရာတော်လိုက်ပါလာတဲ့ ကားပစ်ခတ်ခံရတာလို့ စစ်ကောင်စီကဆိုပါတယ်။

နှစ်ဖက် ပစ်ခတ်မှုဖြစ်နေတဲ့နေရာကို အမည်မသိယာဉ်တစီးမောင်းနှင်လာရာကPDF တွေရဲ့ ပစ်ခတ်မှုကြောင့် အဲ့ဒီ ယာဉ်ဟာ ဖြစ်စဉ်နေရာကနေ မီတာ ၂၅၀(ပေ၈၂၀ကျော်)လောက်မှာလမ်းဘေးထိုးကျခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက်ယာဉ်ကိုသွားရောက်စစ်ဆေးချိန်မှာ“အကြမ်းဖက်သမားများ၏မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်၌ပျံလွန်တော်မူနေသည့် ဆရာတော် တပါးအပါအဝင်ဒဏ်ရာရရှိနေသည့် ဆရာတော်တပါးနှင့်ယာဉ် မောင်းတို့အားတွေ့ရှိကယ်ထုတ်နိုင်ခဲ့သည်”လို့ စစ်ကောင်စီကဖော်ပြပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်မှုများကြောင့်”လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုထားပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ဆရာတော်နှစ်ပါး လိုက်ပါခဲ့တဲ့ ယာဉ်ရဲ့ မှတ်တမ်းပုံကိုဖော်ပြမထားပါဘူး။

နှစ်ဖက်ပစ်ခတ်မှုအခြေအနေကိုတော့ နယ်မြေလုံခြုံရေးထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဖြစ်စဉ်အတွင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကားကိုမောင်းနှင်သူ ယာဉ်မောင်းရဲ့ပြောပြချက်ကို စစ်ကောင်စီကရုပ်သံဖိုင်နဲ့ ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။

ဒါပေမယ့် ယာဉ်မောင်း ဦးကျော်ဝင်းရဲ့ ပြောပြချက်မှာတော့ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊အခင်းဖြစ်ချိန်အပြန် အလှန် ပစ်ခတ်မှုတွေရှိနေတယ်ဆိုတဲ့အခြေအနေတွေမပါဝင်ပါဘူး။

“PDF အကြမ်းဖက်သမားက သေနတ်ခုနစ်ချက်နဲ့ပစ်ခဲ့လို့ ဦးမုနိန္ဒာဘိဝံသပျံလွန်တော်မူပြီး ဦးဂုဏိကာဘိဝံသ နဲ့ကျွန် တော်ယာဉ်မောင်းဒရိုင်ဘာကတော့ထိခိုက်ဒဏ်ရာရ၍တပ်မတော်က ကုသဆောင်ရွက်ပေးနေပါတယ်” လို့သူက ပြောပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေကတစုံတရာထုတ် ပြန်ပြောဆိုတုံ့ပြန်တာမရှိသေးသလို DNA အနေနဲ့ လည်းဆက်သွယ်လို့မရသေးတာကြောင့် မနေ့က အဲ့ဒီဒေသမှာ ထိတွေ့တိုက်ပွဲရှိမရှိအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက အထက်ပါအတိုင်းတရားဝင်ထုတ်ပြန်ပေမယ့် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ သာသနာရေးဦးစီးဌာန တွင်းထူးခြားဖြစ်စဉ်သတင်းတင်ပြချက်မှာတော့ ဖြစ်စဉ်အကြောင်းအရာရော အခင်းဖြစ်တည်နေရာပါကွဲလွဲနေပါ တယ်။

လုံခြုံရေးကင်းလှည့်နေသူတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့အချက်နဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုရှိတယ်ဆို တဲ့အကြောင်း အဲ့ဒီစာမှာ ဖော်ပြမထားပါဘူး။

ဆရာတော်လိုက်ပါလာတဲ့ကားဟာ လုံခြုံရေးကင်းလှည့်နေသူတွေနဲ့တွေ့ရာက ကားရပ်ခိုင်းချိန်မှာ မှန်မချဘဲ မောင်းနှင်သွားတာကြောင့် ကင်းလှည့်နေသူတွေကပစ်ခတ်လိုက်ပြီး ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ဆရာတော် အရှင် မုနိန္ဒာဘိဝံသပျံလွန်တော်မူ တယ်လို့ဆိုပါတယ်။

အခင်းဖြစ်နေရာကိုတော့ မြို့သာနဲ့ ပန်းချီကမ္မရွာကြားလို့ အဲ့ဒီစာမှာဖော်ပြပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ချိန်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာကို မြို့သာမြို့နဲ့ ကမ္မရွာကြားလို့ဆိုထားပါတယ်။

ဒါပေမယ့် ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေထဲ ဖြစ်စဉ်နေရာပြမြေပုံကို ဖော်ပြရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတဲ့နေရာနဲ့ ဆရာတော်တွေလိုက်ပါလာတဲ့ကားတိုက်ခိုက်ခံရတဲ့နေရာဟာ သကျင်ရွာနဲ့ ကမ္မရွာကြား လို့ ဖော်ပြထားပြန်ပါတယ်။

ကမ္မရွာဟာ မြို့သာမြို့ရဲ့ မြောက်ဘက် မြို့သာ-ငါန်းဇွန်လမ်းအနီးမှာရှိပြီး သကျင်ရွာကတော့ ကမ္မရွာရဲ့အနောက် ဘက် ငါန်းဇွန်-ငါန်းမြာလမ်းပေါ်မှာရှိတာဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ သာသနာရေးဦးစီးဌာနရဲ့ ဌာနတွင်း တင်ပြစာအရ ဆရာတော်နှစ်ပါးလိုက်ပါလာတဲ့ကား တိုက် ခိုက်ခံရပြီးနောက် ကမ္မရွာမှာ ယာယီနားခိုခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရတော့ အဲ့ဒီကားပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွား ရောက်စစ်ဆေးကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ကို တံတားဦးဆေးရုံက တဆင့် မန္တလေးနန်းတွင်းမှာရှိတဲ့ စစ်ဆေးရုံကိုတင်ပို့ကုသပေးထားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့အဲ့ဒီဌာနတွင်း အကြောင်းကြားစာဟာ ရုံးတွင်းစာ အစစ်အမှန်ဟုတ်မဟုတ်ဆို တာ တော့ DNA အနေနဲ့သီးခြားအတည်ပြု မပြုနိုင်သေးပါဘူး။ဒီစာပါ ဖော်ပြချက်တွေထဲမှာတော့ ၂၀၂၄ခုနှစ် အစား ၂၀၁၄ ခုနှစ်လို့ ဖော်ပြထားတဲ့ အမှားအယွင်း တခုကိုတွေ့ရပါတယ်။

ဒီစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် တုံ့ပြန်ဖြေရှင်းတာမျိုးမရှိပေမယ့် စစ်ကောင်စီရဲ့ဝါဒဖြန့်တယ် လီဂရမ်ချန်နယ်တွေကတော့ ရုံးစာအတုသာဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

သက်တော် ၇၈နှစ်၊ဝါတော် ၅၇ဝါရှိပြီဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်မမျှော်လင့်ဘဲ တိုက်ခိုက်ခံရပြီး ပျံလွန်တော် မူတာနဲ့ ပတ်သက်လို့ ဒေသခံသတင်းရင်း မြစ်တချို့ကတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေ မမှန်ဘူးလို့ တုံ့ပြန် ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြို့သာ-ငါန်းဇွန်လမ်းဆုံ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရတာရှိပေမယ့် ဇွန်လ ၁၈ရက် ညနေပိုင်းက ဖြစ်ခဲ့တာလို့ ငါန်းဇွန်မြို့နယ်အတွင်း မြေပြင်အခြေအနေနဲ့ စစ်ကောင်စီလှုပ်ရှားမှုတွေ ကိုဖော်ပြပေးနေတဲ့ ငါန်းဇွန်းသတင်းစုံ လူမှုကွန်ရက်စာမျက်နှာကဆိုပါတယ်။

အဲ့ဒီလမ်းဆုံမှာ ဂိတ်ဖွင့်ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်တွေကကားနဲ့ သွား ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီရဲအရာရှိတဦးနဲ့ ပျူစောထီးတဦးသေဆုံးတယ်လို့ ဖော်ပြထားပါ တယ်။

ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်အုပ်စုက မနေ့က မနက်ပိုင်းကစလို့ မြို့သာ-ငါန်းဇွန်လမ်းတလျှောက်နဲ့ ငါန်း ဇွန်မြို့အနီး ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာတွေဘက် စစ်ကြောင်းနှစ်ကြောင်းခွဲပြီးရှာဖွေစစ်ဆေးတာ၊ ကင်းပုန်းချတာ၊လှည့်ကင်းပတ်တာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီအထဲက ကမ္မရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆရာတော်နှစ်ပါးလိုက်ပါလာတဲ့ ကားကို PDF ကားအထင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ ဒေသခံသတင်း ရင်းမြစ်တချို့ကဆိုပါတယ်။

လက်ရှိအာဏာသိမ်းကာလအတွင်း လူသိများတဲ့ သံဃာတော်တချို့အပါအဝင်စစ်ကောင်စီလက်ချက်နဲ့ ပျံလွန် တော်မူခဲ့ရတဲ့သံဃာတော်တွေအရင်ကလည်းရှိခဲ့ဖူးပါတယ်။

လက်ရှိဖြစ်စဉ်မှာ မဟနအဖွဲ့ဝင်ဟောင်းဆရာတော် ပျံလွန်ခဲ့သလို အခုနှစ်ဆန်းပိုင်းတုန်းကလည်း မတ္တရာမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူးထန်းပင်ကုန်းရွာကျောင်းထိုင်ဆရာတော် ဦးဝါယမဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်း ဆီးနှိပ်စက်မှုတွေကြောင့် ပျံလွန်ခဲ့ပါတယ်။

သက်တော် ၇၀၊ဝါတော် ၅၀ရှိတဲ့ အဲ့ဒီဆရာတော်ဟာ PDF တွေကိုကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် နိုဝင် ဘာ ၁၂ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး တပတ်အကြာမှာတော့ ထန်းပင်ကုန်းရွာနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့နေရာမှာ ဒဏ် ရာတွေနဲ့ စွန့်ပစ်ခံခဲ့ရပါတယ်။

အဲ့ဒီနောက် ဆရာတော်ရဲ့ ဒကာ၊ဒကာမတွေက တိတ်တဆိတ် ကယ်တင်ကာ ဆေးကုသပေးခဲ့ကြပေမယ့် နှစ်လ လောက်အကြာမှာ ပျံလွန်တော်မူခဲ့ပါတယ်။

အလားတူ သီတဂူဗုဒ္ဓတက္ကသိုလ်နာယကဆရာတော်တပါးဖြစ်တဲ့ အရှင်ဂန္ဓသာရဟာလည်း ၂၀၂၃ခုနှစ် ဇန်နဝါရီ လအတွင်း စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာကိုခေတ္တရောက်နေချိန်မှာစစ်တပ်နဲ့ပျူစောထီးတွေ စစ်ကြောင်း ထိုးလာချိန်နဲ့ တိုးပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါ့အပြင်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် လူသိများတဲ့ မန္တလေးမြို့က ဆရာတော်ဦးသော ဘိတ(အလင်္ကာကြယ်)နဲ့ သံဃသမဂ္ဂ(မန္တလေး)အဖွဲ့ဝင် ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသတို့ဟာ စစ်ကောင် စီရဲ့ဖမ်းဆီးမှုခံရပြီးနောက် ဒီကနေ့အထိပျောက်ဆုံးနေကြပါတယ်။

ဒီဆရာတော်နှစ်ပါးအပြင် စစ်တပ်ကဖမ်းဆီးသွားတဲ့နောက် သတင်းမရတော့ဘဲ နှစ်နဲ့ချီအဆက်အသွယ် ပြတ် နေတဲ့ နောက်ထပ် သံဃာတော်တွေလည်းရှိနေသေးတယ်လို့ သံဃသမဂ္ဂ(မန္တလေး)ကထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပျံလွန်တာ၊ ထိခိုက် ဒဏ်ရာရတာတွေနဲ့ကြုံခဲ့ရတဲ့ သံဃာတော်တွေလည်းရှိနေပါတယ်။

တဖက်မှာလည်း အာဏာသိမ်းကာလအတွင်း ဒလန်စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သံဃာတော်တရာဝန်း ကျင်ရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါတယ်။