ဇွန်၊ ၁၉
တရုတ်အစိုးရဟာ ဟွေဂါ မွတ်ဆလင်တွေရဲ့ မြို့ရွာ နာမည်တွေကို အသစ်ပြင်ဆင် သတ်မှတ်ပြီး ဖိအားပေး ပြောင်းလဲစေခဲ့ပါတယ်။
တရုတ်နိုင်ငံ အနောက်ပိုင်း၊ ရှင်းကျန်းဒေသမှာ အဓိက မှီတင်းနေထိုင်တဲ့ ဟွေဂါတွေဟာ တရုတ် အစိုးရရဲ့ စနစ်တကျ ဖိနှိပ်မှုတွေကို ကာလရှည်ကြာ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ် အာဏာပိုင်တွေက ဟွေဂါတွေရဲ့ မြို့နဲ့ကျေးရွာ နာမည်ပေါင်း ၆၃၀ ကို တရုတ် နာမည်တွေ ပြောင်းလဲပစ်ခဲ့ကြောင်း သိရပါတယ်။
လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီလုပ်ရပ်ဟာ ဟွေဂါတွေရဲ့ တည်ရှိမှုကို သမိုင်းဖျောက်ဖျက်ပြီး ဟွေဂါ ယဉ်ကျေးမှုကို တိမ်မြုပ်သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုမျိုးလို့ စွပ်စွဲ ဝေဖန်ခဲ့ကြပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာ မြို့နဲ့ ကျေးရွာ နာမည်တွေကို အစုအပြုံလိုက် ပြောင်းလဲတဲ့ အစီအမံတွေ အကောင်အထည် ဖော်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဟွေဂါမွတ်ဆလင်တွေရဲ့ ဒေသိယ ဘာသာစကားနဲ့ မှည့်ခေါ်ထားတဲ့ ကျေးရွာ နာမည်တွေအစား ပျော်ရွှင်ခြင်း၊ စည်းလုံးမှု၊ သဟဇာတ အစရှိတဲ့ အသုံးများတဲ့ တရုတ် ဝေါဟာရနဲ့ ကျေးရွာနာမည်၊ မြို့နာမည်တွေ ပြောင်းလဲနေတာမျိုးလို့ HRWက ဆိုပါတယ်။
HRWရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ တရုတ်အစိုးရဖက်က လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစောင်မှာတော့ ရှင်းကျန်းဒေသမှာ ဟွေဂါ မွတ်ဆလင်တွေဟာ အခြေခံ အကျဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတယ် ဆိုတာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဟွေဂါမျိုးနွယ်စု အနည်းဆုံး ၁ သန်းလောက်ဟာ ပြုပြင်မွမ်းမံ ပညာပေး စင်တာလို့ နာမည်တပ်ထားတဲ့ အကျယ်ချုပ် ဧရိယာတွေမှာ ထိန်းသိမ်း ခံထားရဆဲ ဖြစ်ပါတယ်။ တရုတ် အစိုးရကတော့ ဟွေဂါ မွတ်ဆလင်တွေအပေါ် စနစ်တကျ ဖိနှိပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
Ref: Guardian