ဇွန်၊ ၁၇
ကင်ညာနိုင်ငံက တရားရုံး ကြားနာမှု တခုအတွင်း တရားသူကြီးကို ရဲတပ်ဖွဲ့ဝင် တဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ရိုဘီမြို့မှာရှိတဲ့ မာကာဒါဝါခရိုင် တရားခွင်မှာ အမျိုးသမီး တရားသူကြီး မော်နီကာ ကီဗူတီ ပစ်သတ်ခံခဲ့ရတာလို့ နိုင်ငံရဲ့ တရားရေးဌာန အကြီးအကဲ မာသာ ကူမီက အတည်ပြု ပြောကြားခဲ့ပါတယ်။
တရားခွင်မှာ ခုခံလျှောက်လဲသူဟာ ရဲအရာရှိ တဦးရဲ့ ဇနီးဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးရဲ့ အယူခံ အဆိုတင်ပြချက်ကို ကီဗူတီက ပယ်ချခဲ့တဲ့နောက် ခင်ပွန်းဖြစ်သူ ရဲက တရားသူကြီးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
လူသတ် တရားခံကိုတော့ တရားခွင်ထဲမှာတင်ပဲ တခြားရဲတပ်ဖွဲ့ဝင်တွေက အသေပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး အရာရှိတွေကိုယ်တိုင် တရားခွင်မှာ ရှုပ်ထွေးဆက်နွှယ်ခဲ့တဲ့ အဲဒီမှုခင်းဟာ ကင်ညာမှာ အတော်လေး လူပြောများခဲ့ပါတယ်။
လူမှုကွန်ရက် မီဒီယာ Xမှာ ဖော်ပြထားတဲ့ ပို့စ်တခုမှာတော့ ကူမီက ကီဗူတီဟာ ဒဏ်ရာတွေ အရမ်းပြင်းတာကြောင့် ကွယ်လွန်သွားခဲ့တာလို့ ရေးသားထားပါတယ်။ တရားခွင်ထဲမှာ အခုလို ကိစ္စမျိုး ဖြစ်ပေါ်ခဲ့တာက လက်ခံလို့ မရနိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း၊ တရားရေး နယ်ပယ်ရဲ့ ဝမ်းနည်းစရာ အကောင်းဆုံး အခိုက်အတန့် တခုမှာ သက်ဆိုင်သူအားလုံး ညီညီညွတ်ညွတ် လက်တွဲ ဖြတ်သန်းသွားမှာဖြစ်ကြောင်းလည်း ကူမီက ဆိုပါတယ်။
တရားခွင်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦး ဒဏ်ရာရခဲ့ပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ ကူမီက ထုတ်မပြောခဲ့ပါဘူး။ အမှုကို ခုခံလျှောက်လဲသူ ရဲအရာရှိ ဇနီးဟာ ဒေါ်လာ ၂၃၀၀၀ နီးပါးလောက်နဲ့ ညီမျှတဲ့ ငွေကြေးကိစ္စတွေ မရိုးမသား လုပ်ဆောင်ခဲ့မှုအတွက် တရားစွဲဆို ခံထားရတာလို့ သိရပါတယ်။
Ref: Bangkok Post