Photo – AA
ဇွန်၊ ၁၅
ရခိုင်ပြည်နယ်မောင်တောမြို့အနီးတဝိုက် စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေထဲက လေးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း မောရဝတီဗျူဟာမှူး အပါအဝင် စစ်ကောင် စီဘက်က နှစ်ရာလောက်သေဆုံးတယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
အခုလပထမပတ်အတွင်း မောင်တောမြို့နယ်တောင်ပိုင်းကစစ်ကောင်စီစခန်း ခြောက်ခုကိုသိမ်း ပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်အနေနဲ့ ဒုတိယပတ်အရောက်မှာ နောက်ထပ်စခန်းလေးခုထပ်သိမ်းနိုင်ခဲ့တာပါ။
အခုသိမ်းနိုင်ခဲ့တဲ့စခန်းတွေကတော့ မောရဝတီဗျူဟာ၊နခခ(၄)တပ်ရင်းဌာနချုပ်၊နခေါင်းတိုစခန်းနဲ့အလယ်သံကျော်စခန်းတို့ဖြစ်ပါတယ်။
ဒီလိုစခန်းတွေဆက်တိုက်သိမ်းယူနိုင်ခဲ့တာကြောင့် AA အနေနဲ့မောက်တောတမြို့နယ်လုံးကိုသိမ်းပိုက်နိုင်ဖို့အတွက် မောင်တောမြို့လေးမိုင်မှာရှိတဲ့ နခခ(၂) နဲ့ မြို့သူကြီးရပ်ကွက်က မြို့စောင့်တပ် နခခ(၅)တို့ကို ဆက်လက်တိုက်ခိုက်ဖို့ကျန်ပါတော့တယ်။
ဘူးသီးတောင် မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ AA အနေနဲ့ မောက်တောကိုထပ်ပြီးထိန်းချုပ်နိုင်မယ်ဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတခုလုံးကိုပါထိန်းချုပ်နိုင်တော့မှာပါ။
ဒါ့အပြင် ချင်းနဲ့ရခိုင် အစပ်က ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားနိုင်တာကြောင့် အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် ထိစပ်ရာနယ်စပ်ဒေသတခုလုံးကို ထိန်းချုပ်နိုင်တော့မယ့်သဘောလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ၁၃ရက်ကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ် ထိုးစစ်အတွင်း အာရက္ခတပ်တော်ဟာ ပြည်နယ်မြောက်ပိုင်းဒေသတခုလုံးနဲ့ အလယ်ပိုင်းမြို့နယ်တွေကိုသိမ်းပိုက်ထားကာ တောင်ပိုင်းမှာတော့ ထိုးစစ်ဆင်တွေဆက်လက်ဆင်နွှဲနေပါတယ်။
ဒါ့အပြင် ပြည်နယ်အုပ်ချုပ်ရေးအခြေစိုက်ရာ မြို့တော်စစ်တွေဟာလည်းဝိုင်းပတ်ပိတ်ဆို့ခံထားရပါတယ်။
လက်ရှိမှာတော့မောင်တောမြို့နယ်ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အပြင် အမ်းနဲ့သံတွဲ မြို့နယ်တွေကစစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA ကအသိပေးထားပါတယ်။