ယီမင်ကမ်းလွန်မှာ ဟိုသီတွေရဲ့ ဖောက်ခွဲရေး ဒရုန်းဒဏ်ကြောင့် ဂရိ သင်္ဘောတစီး ပျက်စီး

ဇွန်၊ ၁၃

ယီမင်နိုင်ငံ ကမ်းလွန်မှာ ဟိုသီ သူပုန်တွေရဲ့ ရေပေါ်လျှပ်ပြေး ဖောက်ခွဲရေးဒရုန်း ထိမှန်လို့ ဂရိနိုင်ငံပိုင် အရပ်ဖက် သင်္ဘောတစီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဟိုသီတွေဟာ ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ် စတင်လာချိန် ကတည်းက အစ္စရေးနဲ့ ဆက်နွှယ်မှုရှိတဲ့ နိုင်ငံတွေရဲ့ ရေယာဉ်တွေကို ယီမင်ကမ်းလွန်မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်နေခဲ့တာပါ။ ပင်လယ်ကွေ့ဒေသရဲ့ ကုန်သွယ်ရေကြောင်း လုံခြုံရေးအတွက် တပ်အင်အား ဖြည့်တင်းထားတဲ့ အမေရိကန်က အခုသင်္ဘော တိုက်ခိုက်ခံရမှု သတင်းကို အတည်ပြုခဲ့ပါတယ်။

ဗြိတိန် တော်ဝင်ရေတပ်ကလည်း သင်္ဘောဟာ ယီမင်ပိုင်နက်ထဲက ဟိုသီတွေ ထိန်းချုပ်ထားရာ ဟိုဒိုင်ဒါ ဆိပ်ကမ်းကနေ ရေမိုင် ၆၆ မိုင်အကွာလောက်မှာ ဖောက်ခွဲရေးဒရုန်း ထိမှန်ခဲ့တာလို့ ကြေညာပါတယ်။

ပေါက်ကွဲမှုကြောင့် သင်္ဘောကိုယ်ထည် ထိခိုက်ပြီး ရေတွေ စိမ့်ဝင်ကုန်သလို အင်ဂျင်ခန်းလည်း အတော်လေး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အခုအခါ ရေယာဉ်ကို အမှုထမ်းတွေ စွန့်ခွာသွားပြီဖြစ်ပြီး ထိခိုက်သေပျောက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဂရိမီဒီယာ တချို့က ဟိုသီတွေရဲ့ ဒရုန်းဒဏ် ခံခဲ့ရတာဟာ ဂရိကပိုင်ဆိုင်ပေမယ့် လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ Tutorဆိုတဲ့ ရေနံတင်သင်္ဘောလို့ ဖော်ပြနေကြပါတယ်။ အဲဒီ သင်္ဘောဟာ ၅ မီတာကနေ ၇ မီတာလောက် ရှည်လျားတဲ့ လူမဲ့ဒရုန်း ဖောက်ခွဲရေး ရေယာဉ်တစီး ဝင်တိုက်တာ ခံရသလို ပျံသန်းလာတဲ့ နောက်ထပ် ကာမီကာဇီဒရုန်း တခုပါ ထပ်မံ ထိမှန် ခံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေက ဇွန်လ ၁၂ ရက်နေ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ် ဆိုတာကို အတည်ပြု ကြေညာထားပါတယ်။ ၂၀၂၂ ခုနှစ်ကမှ တည်ဆောက်ထားခဲ့ပြီး တန်ချိန် ၈၂၄၀၀ လေးလံတဲ့ ရေယာဉ်ကြီးဟာ လက်ရှိ အချိန်ထိတော့ နစ်မြုပ်မသွားသေးဘူးလို့ ဆိုပါတယ်။

ဟိုသီတွေဟာ နိုဝင်ဘာလကစပြီး ယီမင်ကမ်းလွန်က ဖြတ်သန်းသွားတဲ့ ရေနံတင် သင်္ဘောတွေနဲ့ ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့တာပါ။ အဲဒီ ရေလမ်းကြောင်းဟာ နှစ်စဉ် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှု သင်္ဘောတွေရဲ့ ၁၂ ရာခိုင်နှုန်း ဖြတ်သန်းနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး ဟိုသီတွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက် ဖျက်ဆီးတာတွေ လုပ်ခဲ့ပေမယ့် ယီမင်အခြေစိုက် လက်နက်ကိုင် အင်အားစုရဲ့ လုပ်ရပ်တွေကို မဟန့်တားနိုင်သေးဘဲ ဖြစ်နေဆဲပါ။

Ref: Splash