ဇွန်၊ ၁၀
နယ်စပ် ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို သတိပေးတဲ့ အနေနဲ့ ခြောက်လှန့်ပြီး သေနတ် ပစ်ဖောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
နှစ်နိုင်ငံကြား နယ်နိမိတ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက မိနစ်ပိုင်းလောက် ကျူးကျော်ခဲ့တာလို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။
တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဗဟိုဌာန (JCS)က တောင်ကိုရီးယား နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ အသံချဲ့စက်တွေကနေတဆင့် သတိပေးခဲ့သလို ခြောက်လှန့် ပစ်ခတ်မှုတွေလည်း လုပ်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး ထူထူထပ်ထပ် ဖြန့်ကျက်ထားရာ နိုင်ငံပိုင်နက်ဖက်ခြမ်းဆီ ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယား လေပိုင်နက်ထဲ လွှတ်တင်ပြီး တောင်ကိုရီးယားကလည်း နယ်စပ်မှာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် ဟောပြောမှုတွေကို လော်စပီကာတွေနဲ့ ထုတ်လွှင့်ရင်း နှစ်ဖက် တင်းမာမှုတွေ မြင့်တက်နေချိန် အခုကိစ္စနဲ့ပါ ကြုံခဲ့ရတာပါ။ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက နယ်စပ်နားကို ဘာကြောင့် ချဉ်းကပ်ခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။
ဒီအတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်ကလည်း တောင်ကိုရီးယားဟာ ပြင်းထန်ကြမ်းတမ်းတဲ့ ပဋိပက္ခတွေဆီ ဦးတည်သွားအောင် အခြေအနေတွေကို တွန်းအားပေးနေကြောင်း စွပ်စွဲ ဝေဖန်ထားပါတယ်။
Ref: Bloomberg