ဇွန်၊ ၁၀
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ပြစ်ဒဏ်တွေ ကျခံပြီး ပြစ်ဒဏ် သက်တမ်းစေ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ နေရပ်ပြန်ကြပြီး တဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံပိုင်နက်ထဲ ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာဂဏန်းလောက်ကို ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။
ဇွန်လ ၉ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် ရေတပ်ရဲ့ လှေတစီးဟာ စစ်ကောင်စီ ရေတပ်ပိုင် ချင်းတွင်း ရေယာဉ်ပေါ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၅ ဦးကို လွှဲပြောင်းယူပြီး ကော့စ်ဘဇားမှာရှိတဲ့ BIWTA ဆိပ်ခံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာဖက်က ၅ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို တင်ဆောင်လာတဲ့ တခြားရေယာဉ် တစီးကလည်း အဲဒီဆိပ်ခံဆီ ဆိုက်ရောက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ ပြန်လွှဲပေးတဲ့ ကိစ္စကို မြန်မာရော၊ ဘင်္ဂလားဒေ့ရှ်ဖက်ကပါ မီဒီယာတွေဆီ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
နောက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နဲ့ နီးစပပ်တဲ့ သတင်းရင်းမြစ်တွေက မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP)နဲ့ စစ်ကောင်စီ တပ်သား စုစုပေါင်း ၁၃၄ ဦးဟာ မနက်ကတည်းက အဲဒီ လှေဆိပ်ကို ရောက်နေခဲ့တယ်လို့ ပြောပါတယ်။ သူတို့ဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ကျူးကျော် ထွက်ပြေးလာတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ စိစစ် အတည်ပြုပြီးတဲ့နောက် မွန်းလွဲပိုင်းမှာ အဲဒီ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ရေတပ်လှေ နှစ်စီးပေါ် တင်ဆောင်ပြီး မြန်မာဖက်ခြမ်းဆီ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လွှဲပြောင်းမှု အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတွေ၊ BGB အရာရှိတွေ၊ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာသံရုံး ကိုယ်စားလှယ်တွေ ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ရေယာဉ်တွေဟာ မြန်မာရဲနဲ့ စစ်သားတွေကို နှစ်နိုင်ငံ ရေပိုင်နက်မျဉ်း ထိစပ်တဲ့ နေရာမှာ စောင့်ကြိုနေမယ့် စစ်ကောင်စီ ရေတပ်သင်္ဘောဆီ လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဧပြီလကုန်ပိုင်းတုန်းက မြန်မာဖက်မှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၃ ယောက်ကို မိခင်နိုင်ငံဆီ ပြန်လွှဲပြောင်းခဲ့ပြီး တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးရောက်ရှိနေတဲ့ BGPနဲ့ စစ်ကောင်စီ တပ်သား ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဖေဖော်ဝါရီ လလယ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာ BGPနဲ့ စစ်ကောင်စီ တပ်သားတွေအပြင် နယ်စပ် အကောက်ခွန် အရာရှိတွေ စုစုပေါင်း ၃၃၀ လောက်ကို ပြန်လည် ပို့ဆောင်ခဲ့ဖူးပါတယ်။
Ref: TBS