ချက်နိုင်ငံမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်ပြီး လေးဦးသေ၊ ဒါဇင်နဲ့ချီ ဒဏ်ရာရ 

ဇွန်၊ ၇

ဥရောပတိုက်က ချက်နိုင်ငံမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်ရာက လူ ၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၆ ရက်နေ့ မနက် အစောပိုင်းက ပါဒူဘိုင်စီမြို့နားမှာ ခရီးသည်တင် ရထားနဲ့ ကုန်တင်ရထား ခေါင်းချင်းဆိုင် တိုက်ခဲ့တာလို့ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဆလိုဗက်ကီးယားနဲ့ ယူကရိန်း နိုင်ငံသားတွေ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူ ၃ ဦးလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ 

မြို့တော် ပရက်ဂ်နဲ့ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေကို ဆက်သွယ်ထားရာ ပင်မ ရထားလမ်းပေါ်မှာ အခုလို ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး ဗစ်ရာကူဆန်က ပြောပါတယ်။ ခရီးစဉ်အမှတ် Ex 1021 ရထားဟာ ပရက်ဂ်ကနေ ဆလိုဗက်ကီးယားနိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ ကိုဆီယက်မြို့ကို ဦးတည် ခုတ်မောင်းနေခဲ့တာဖြစ်ပြီး မီးနီပြ သတိပေးမှု အခြေအနေမှာ မရပ်တန့်ခဲ့ဘူးလို့ ကနဦး စုံစမ်းမှုတွေအရ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အကျိုးဆက်ကတော့ မျက်နှာချင်းဆိုင်အတိုင်း ခုတ်မောင်းလာပြီး လမ်းလွှဲဆီ မရောက်သေးတဲ့ ကုန်တင်ရထားနဲ့ တည့်တည့် တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဆလိုဗက်ကီးယား နိုင်ငံက ၂ ဦးနဲ့ ယူကရိန်းက ၂ ဦးဖြစ်ပြီး အားလုံး အမျိုးသမီးတွေလို့ ဆိုပါတယ်။

ဒီလို ဆိုးရွားတဲ့ လွဲချော်မှုဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့်လား၊ လူသားတွေရဲ့ ပေါ့ဆမှုကြောင့်လား ဆိုတာကိုတော့ ဆက်လက် စစ်ဆေးနေဆဲပါ။ ခရီးသည်တင် ရထားပေါ်မှာ လူ ၃၀၀ လောက် လိုက်ပါလာခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကယ်ဆယ်ရေး ကဏ္ဍမှာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကပါ ပူးပေါင်း ကူညီပေးခဲ့ပြီးကြပါတယ်။

မတော်တဆမှုကြောင့် ရထားနှစ်စီးစလုံးရဲ့ စက်ခေါင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး လူစီးတွဲ အိပ်ဆောင်တခုလည်း လမ်းချော်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

Ref: Reuters