ဗျိုင်းဖြူကျေးရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မူသေဆုံးသူတိုးလာ

Photo – CJ

ဇွန်၊ ၄

စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်မှာမတရားဖမ်းဆီးသတ်ဖြတ်ခံရတဲ့အရပ်သား အရေအတွက် ၇၆ဦးထိ ရှိလာပြီလို့ အာရက္ခတပ်တော်AAကထုတ်ပြန်ပါတယ်။

ဗျိုင်းဖြူကျေးရွာမှ ထောင်ချီတဲ့ရွာသူရွာသားတွေအနက် (၅၀) ကျော်ကိုစစ်ကောင်စီတပ်နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီရဲ့စစ် သင်တန်းဆင်း ရိုဟင်ဂျာ(မူဆလင်လို့သုံး)တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့ကနေလေးရက်အတွင်း သတ်ဖြတ်ခဲ့ တယ်လို့ကနဦး သိရှိခဲ့ရတယ်လို့AAကဆိုပါတယ်။

ဒါပေမယ့်ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အထက်ပါဖြစ်စဉ်နဲ့ပတ်သက်လို့ နောက်ဆက်တွဲအချက်အလက်တွေကို ဆက်လက်စုံစမ်းပြီး အချိန်နဲ့တပြေးညီအသိပေးသွားမယ်လို့လည်းဆိုပါတယ်။

စစ်တွေမြို့နဲ့ တမိုင်၀န်းကျင်အကွာက အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိတဲ့ ဗျိုင်းဖြူရွာထဲကို မေလ ၂၉ ရက်နေ့မှာ အင်အားရာကျော်တဲ့ စစ်ကောင်စီစစ်ကြောင်းတခု ရောက်လာပြီး တရွာလုံးရှိ လူအားလုံးကို ဖမ်းဆီး၊ ထိုင်ခိုင်းကာ သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထဲမှာ ဒေါ်စောမြရာဇာလင်းရဲ့ ရခိုင်ပြည်လွတ်လပ်ရေး ပါတီ(ALP)တပ်ဖွဲ့တွေလည်း ပါ၀င်တယ်လို့ ရွာသားတွေက ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့မရပါဘူး။ALPဖက်ကတော့ဒီဖြစ်စဥ်မှာပါဝင်ပတ်သတ်တာမရှိဘူးလို့ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုးမရှိဘဲ လူနေကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့လတွေတုန်းကလည်း စစ်တွေမြို့အနီးပတ်လည် ကျေးရွာတွေဖြစ်တဲ့ ကျေးတော၊ ဝါဘို၊ တောကန်၊ ရဲရိုးပြင်၊ ချီလိုင်ဖင်းစတဲ့ရွာတွေကို စစ်ကြောင်းထိုးကာ ရွာသားတချို့ကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးကို ထိန်းချုပ်သွားမယ်လို့ သတိပေးထားတဲ့ အာရက္ခတပ်တော် (AA)ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေကာ ပတ်လည်မှာရှိတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီလိုအခြေနေမှာ စစ်ကောင်စီတပ်ဟာ မြို့တော်စစ်တွေပတ်လည်မှာ မြေမြှပ်မိုင်းတွေ ထောင်ထားပြီး အ၀င်အထွက်အားလုံးကို ပိတ်ထားကာ မြို့အနီး၀န်းကျင်ရှိ လူနေရွာတွေမှာလည်း တပ်စခန်းသစ်တွေ ချထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လတ်တလောမှာလည်း စစ်တွေမြို့ပေါ်နဲ့နီးစပ်ရာတွေမှာ တိမ်းရှောင်နေရတဲ့ဗျိုင်းဖြူရွာသားတွေဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။