ထိုးစစ်စပြီးတလကျော်အကြာမှာ သံတွဲမြို့နယ် မြောက်ပိုင်းတခုလုံးနီးပါးကို AAထိန်းချုပ်

Photo-Social media

မေ ၊ ၃၁

ရခိုင်ပြည်နယ် သံတွဲမြို့နယ်‌မြောက်ပိုင်း သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတဝိုက်ရှိ တပ်စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်(AA)က သိမ်း ပိုက်ထားပြီး အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးသူ ရာကျော်ရှိနိုင်တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ဒီတနယ်လုံးကို ကိုယ့်ဖက်(AA)က ထိန်းချုပ်လိုက်ပြီ၊ စစ်ကောင်စီစခန်းတွေ မရှိတော့ဘူး၊ လွတ်လပ်သွားပြီ”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ရွှေလှေဒေသခံသ တင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

AA ဟာ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က တည်းက စတင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ရွှေလှေတိုက်နယ် ကျောင်းကုန်းရွာအနီးရှိ တပ်စခန်း၊ ရေကောက်ရွာအနီးရှိတပ်စခန်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းရှိ တပ်စခန်းတချို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

“ရွှေလှေဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီစစ်သား တရာကျော်လောက်သေတယ်၊ ရေအားမှာတော့ စစ်စစ်သားနည်းနည်း ကျန်‌သေးတယ်ကြားတယ်၊ ဒါပေမယ့် အဲကောင်တွေ ပိတ်မိသွားပြီ”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ‌သံတွဲဒေသခံက ပြောပါတယ်။

ဒါ့အပြင် AA ဟာ  သံတွဲမြို့ကနေ ဆယ်မိုင်၀န်းကျင်အကွာ ရေစင်ရွာအနီးကနေတောင်ကုတ်မြို့နဲ့ ငါးမိုင်၀န်းကျင်အ ကွာ တရဂူရွာနားထိ သံတွဲ – တောင်ကုတ်ကားလမ်းတလျှောက်ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံနီးစပ်သူတွေက ပြောကြပါတယ်။

AA ဟာ စစ်ကောင်စီရဲ့ ငပလီအခြေ စိုက်တပ်ရင်းဌာနချုပ်နဲ့ မြို့အနီးပတ်လည်ရှိ နောက်ထပ်တပ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်လာနိုင်ပြီး တိုက်ပွဲပြင်းထန်လာမယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“တပ်ရင်းနဲ့မြို့ကိုလည်း ထပ်သိမ်းလိမ့်မယ်၊ စကစကတော့ မြို့ထဲမှာ အင်အားတွေ အများကြီး ဖြည့်နေတယ်”လို့ အမည်မဖော်လိုတဲ့ နောက်ထပ်‌ သံတွဲဒေသခံတဦးက ‌ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ သံတွဲမြို့နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက် နေပြီး စစ်ကောင်စီတပ်က မြို့အ၀င်အထွက်နဲ့ ကုန်စည်သယ်ခွင့်တွေ ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အဲဒီလို လမ်းတွေပိတ်ကာ ကုန်စည်သယ်ခွင့်နဲ့ သွားလာခွင့် ပိတ်ထားတာကြောင့် ပိတ်မိနေသူတွေပါ ရှိနေပြီး စစ်ရှောင်တွေဟာလည်း စားရေးသောက်ရေး အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“ဈေးတွေ တအားတက်သွားတယ်၊ ဆေးတွေလည်း ရှားနေပြီ၊ ပင်ပန်းတဲ့သူတွေ ထမင်း နပ်မှန်ဖို့တောင် ခက်လာပြီ”လို့ ရွှေလှေအနီးတဝိုက်ကျေးရွာတခုကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားတဲ့ AA ဟာ မောင်တောနဲ့ အမ်းမြို့နယ်တို့အတွင်းမှ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းဌာနချုပ်၊ တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့နယ်မှာပါ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်လာခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုမရှိသေးဘဲ စစ်ကောင်စီက အပြည့်အ၀ထိန်းချုပ်နိုင်သေးတဲ့မြို့နယ်ဟာ တောင်ပိုင်းအစွန်ဆုံး ဧရာ၀တီတိုင်းနဲ့အစပ် ဂွမြို့နယ်နဲ့ မာန်အောင်ကျွန်း၊ မာန်အောင်မြို့နယ်တို့သာ ကျန်တော့တာဖြစ်ပါတယ်။

AA ကတော့ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတခုကျန် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားပြီး အချိန်မီလက်နက်ချကြဖို့လည်း သတိပေးထားပါတယ်။

စစ်ကောင်စီတပ်ကတော့ သူတို့တစိတ်တပိုင်း ထိန်းချုပ်နိုင်သေးတဲ့ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်စတဲ့မြို့နယ်တွေမှာ စစ်အင်အားထပ်ဖြည့်တာတွေ လုပ်နေတယ်လို့ ‌နီးစပ်သူနဲ့ ဒေသခံတွေက ပြောထားကြပါတယ်။