ရှေ့မထွက်ဘဲရှေ့တန်းရောက်လာတဲ့ကချင်စစ်ဗိုလ်ချုပ်တဦး

Photo- Social Media

မေ ၊ ၂၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ စစ်ဦးစီးချုပ်နေရာမှာ အရင်က ဒုစစ်ဦးစီးချုပ်(၁) ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာကို ခန့်အပ်တာဝန်ပေးလိုက်ပြီလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

“ဒုတိယဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာကို မေလ ၁၈ ရက်နေ့မှာ KIA ရဲ့ စစ်ဦးစီးချုပ်တာဝန်ကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ 

အရင် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း မေလ ၁၃ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီးနောက် လစ်လပ်နေတဲ့ စစ်ဦးစီးချုပ်နေရာမှာ အခုလို အစားထိုးခန့်အပ်လိုက်တာပါ။ 

မန္တလေးတက္ကသိုလ် ကျောင်းဆင်းတဦးဖြစ်ပြီး စာရေးဆရာ၊ ကျောင်းဆရာလည်း လုပ်ခဲ့ဖူးသူ ဒုဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာဟာ ၁၉၈၅ ခုနှစ်မှာ KIA ထဲ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ဝန်းကျင်မှာ ဒုဗိုလ်အဖြစ်နဲ့ အရာရှိဘဝရောက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ ၂၀၀၄ ကနေ ၂၀၀၉ ခုနစ်လောက်အထိ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး၊ ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကာလကနေ ဗဟိုဌာနချုပ် စစ်ဆင်ကွပ်ကဲရေးဦးစီးအဖွဲ့မှာ တာဝန်ယူခဲ့ပြီး လက်ရှိမှာတော့ အသက် ၆၅ နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ 

KIAစစ်ဦးစီးချုပ်အသစ်က ရိုးရိုးကုပ်ကုပ်နေတက်သူဖြစ်ပြီး စစ်ရေးဗျူဟာတော်လှန်ရေးကလွဲရင် ဘာကိုမှဂရုမထားသူလို့လည်း နီးစပ်တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

“CS(စစ်ဦးစီးချုပ်) ကတော့ပြောရရင် ရှေ့မထွက်တဲ့သူ၊ ရိုးရိုးရှင်းရှင်းနဲ့အရည်အချင်းရှိတဲ့သူ၊ ကွယ်လွန်သွားတဲ့ ဦးစီးချုပ်ရော၊ အခုဦးစီးချုပ်ရောက ဘာမှမမက်မောဘဲတော်လှန်ရေးရဲ့စံပြခေါင်းဆောင်တွေ၊ အိမ်တောင်ကောင်းကောင်းမရှိကြပါဘူး” လို့လည်း KIA နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။ 

ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာဟာ နှစ်ပေါင်းများစွာ တော်လှန်ရေးခရီးမှာ နောက်ကွယ်ကနေခဲ့သူဖြစ်ပေမယ့် အရေးပါခဲ့သူ အရည်အချည်းထက်မြက်ခဲ့သူဖြစ်ပြီး အပြောထက်အလုပ်နဲ့သက်သေပြခဲ့သူလို့လည်း KIAသတင်းရင်းမြစ်တွေကဆိုပါတယ်။

ဒါ့အပြင်အခုလို စစ်ဦးစီးချုပ်နေရမှာ အစားထိုးခန့်အပ်လိုက်ပြီးနောက် အရင်က ဒုစစ်ဦးစီးချုပ်(၂) ဖြစ်သူ ဗိုလ်မှူးချုပ် မရန်ဇော်တောင်ကိုလည်း ဒုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီလို့ သိရပါတယ်။ 

“နဂိုကတော့ ဒုစစ်ဦးစီးချုပ်(ဒုတိယ) တာဝန်ကို ထမ်းဆောင်တာ၊ အခုတော့ ဒုစစ်ဦးစီးချုပ်တာဝန်ကို ဆက်ပြီးတော့ ထမ်းဆောင်တာဖြစ်ပါတယ်” လို့လည်း ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

ကချင်လွပ်လပ်ရေးအဖွဲ့ချုပ်(KIO)ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ KIA ကို ၁၉၆၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်လည်း စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ 

လက်ရှိမှာတော့ ကချင်ပြီးနယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့တပ်တွေ ထိုးစစ်ဆင်နေပြီး သုံးလနီးပါးအကြာထိုးစစ်အတွင်း စစ်စခန်းတရာကျော်ကို သိမ်းပိုက်ထားနိုင်တဲ့အပြင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့အနီးအနားမှာပါ တိုက်ပွဲတွေ ရှိလာနေပါတယ်။