ခမရ ၃၂၁ လက်လွှတ်ရပြီးနောက်စစ်ကောင်စီက လိုင်ဇာအနီးဝန်းကျင်ကို ဗုံးကြဲတုံ့ပြန်

Photo – CINCDS

မေ ၊ ၂၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ရွာအခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၃၂၁ သိမ်း ပိုက်ခံလိုက်ရပြီး နာရီပိုင်းအကြာ မနေ့ည ၁၁ နာရီ လောက်မှာ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ KIO/KIA သတင်း ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

“လိုင်ဇာအနီးဝန်းကျင်ကို လေကြောင်းနဲ့ ဗုံးကြဲလာ တာရှိပါတယ်၊ ထိခိုက်ပျက်စီးမှု အသေးစိတ်အ ခြေအနေကိုတော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။ 

ဝိုင်းမော်မြို့နဲ့ ဆယ်မိုင်အကွာလောက်မှာရှိတဲ့ ခမရ ၃၂၁ တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်တွေက မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် အဲဒီတပ်ရင်းရဲ့ အနောက် ဘက် မိုင်သုံးဆယ်ဝန်းကျင်အကွာ လိုင်ဇာမြို့ အနီးဝန်းကျင်ကို အခုလို တိုက်ခိုက်လာတာ ဖြစ်ပါ တယ်။ 

ဒါ့အပြင် ခမရ ၃၂၁ တပ်ရင်း တိုက်ခိုက်သိမ်း ပိုက်ခံ နေရတဲ့အချိန်မှာလည်းအဲ့ဒီအနီးတဝိုက်ကို စစ် ကောင်စီတပ်က မြစ်ကြီးနားမြို့ကနေ အတွဲ လိုက် ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ဆက်တိုက်တိုက်ခိုက် ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

KIA ဘက်ကထိုးစစ်တွေစတင်ခဲ့ချိန်ကတည်းက စစ်ကောင်စီဟာ လိုင်ဇာမြို့ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ 

ဒီထိုးစစ်မတိုင်ခင်ကလည်း စစ်ကောင်စီဟာ လိုင် ဇာအပါအဝင် KIA တပ်တွေရှိရာနေရာ တွေကို လေ ကြောင်းတိုက်ခိုက်မှုအများအပြားလုပ်ခဲ့ပြီး အနန့်ပါ လေကြောင်းတိုက်ခိုက်မှုနဲ့ လိုင်ဇာမြို့နဲ့ တမိုင် လောက်သာဝေးတဲ့ မုန်လိုင်ခက် စစ်ဘေး ရှောင်စခန်းလေကြောင်းတိုက်ခိုက်မှုတွေဟာ သေဆုံးထိခိုက်သူအများအပြားရှိခဲ့တာကြောင့်လူသိများပါတယ်။ 

ကချင်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ် မြောက် ပိုင်း တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့လည်းဖြစ်တဲ့ မြစ်ကြီးနားမြို့ဟာ လက်ရှိစစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့နဲ့ ဧရာဝတီမြစ်သာခြားပြီး ဗလမင်းထင် တံတားနဲ့ ဆက်သွယ်ထားတာပါ။ 

ဝိုင်းမော်မြို့ထဲမှာတော့ စစ်ကောင်စီ ခြေလျင် တပ် ရင်း(ခလရ) ၅၈ အခြေစိုက်ထားပြီး မြို့တွင်း တိုက်ပွဲဖြစ်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ 

“ခလရ ၅၈ ကိုတော့ ကျွန်တော်တို့ ဝင်တိုက်တာ မရှိသေးပါဘူး”လို့ဗိုလ်မှူးကြီး နော်ဘူက ပြောပါ တယ်။ 

ဝိုင်းမော်မြို့အနီး တိုက်ပွဲတွေမှာတော့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပြီး သူတို့ကို တော့ မြစ်ကြီးနားဘက်မှာပဲ အဓိကဆေးကုသ မှုပေးနေတယ်လို့သိရပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့လူတွေကို ဆေးရုံကြီးနဲ့ စစ်ဆေးရုံကို တင်ပို့ထားတာရှိတယ်” လို့ မြစ်ကြီးနားမြို့ခံ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အလားတူပဲ မြစ်ကြီးနားမြို့ အနောက်ဘက် မိုင် ခုနစ်ဆယ်ကျော်အကွာ စစ်ဆင်ရေးကွပ်ကဲ မှုစစ် ဌာနချုပ်(စကခ) ၂၁ ရှိရာ ဗန်းမော်မြို့နဲ့ အနီးတ ဝိုက်မှာလည်း အခုလပထမပတ်က တည်းက စလို့လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။

ဗန်းမော်မြို့ရဲ့ အဓိကဝင်ပေါက်တွေဖြစ်တဲ့ မံစီမြို့နဲ့ မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း တွေ ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက် ခိုက်နေ တာဖြစ်ပြီး စခန်းငယ်တချို့ကို သိမ်းပိုက်ထားနိုင် ပေမယ့် တပ်ရင်းဌာနချုပ်တွေကိုတော့ မသိမ်းပိုက် နိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ KIA ရဲ့ သုံးလကျော် ထိုးစစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်း၊ တပ်ရင်းဌာနချုပ်၊ ရဲစခန်းတွေအပါ အဝင် စခန်းပေါင်း တရာကျော်ကို KIA ပူးပေါင်း တပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။