ဂါဇာမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ နိုင်ငံသားနှစ်ဦး သေဆုံးကြောင်း ထိုင်းအစိုးရ အတည်ပြု

မေ ၊ ၁၈

ဂါဇာ ပဋိပက္ခအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးတာ ခံထားခဲ့ရတဲ့ ထိုင်းနိုင်ငံသားတွေထဲက နှစ်ဦး သေဆုံးသွားပြီ ဖြစ်တယ်လို့ ထိုင်းအစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မြို့မှာ အခြေစိုက်ထားတဲ့ ထိုင်းသံရုံးက ထိုင်းနိုင်ငံသား ဓားစာခံတွေ သေဆုံးသွားပြီလို့ အခိုင်အမာယုံကြည်ရကြောင်း သတင်းကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဆီ အခုသီတင်းပတ်မှာ အစီရင်ခံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ခူရာက သေဆုံးသူ နှစ်ဦးဟာ ဆွန်သာယာ အက်ခ်ဟရာဆရီနဲ့ ဆူသီဆက် ရင်သာလက်ဆိုတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့က အစ္စရေး ပိုင်နက်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အစ္စရေး နိုင်ငံသား ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို နောက်ထပ် ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံသား နှစ်ဦးဟာ ဟားမားစ်တွေ ဖမ်းဆီးခံရတဲ့ထဲမှာ ပါဝင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ ယုံကြည်ရကြောင်း နှစ်ဝက်ကျော် ကြာမြင့်ပြီးချိန်မှာ ထိုင်းအစိုးရက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ဟားမားစ်တွေ လက်ထဲမှာ ဖမ်းဆီးခံထားရဆဲလို့ ယုံကြည်ရတဲ့ နောက်ထပ် ထိုင်းနိုင်ငံသား ၆ ယောက် ရှိနေသေးပြီး သူတို့ရဲ့ အခြေအနေကိုလည်း အတိအကျ မသိရသေးပါဘူး။ ထိုင်းအစိုးရက နိုင်ငံသားတွေ အပါအဝင် ဟားမားစ်လက်ထဲက ဓားစာခံတွေအားလုံး လွတ်မြောက်ရေးကိုလည်း တောင်းဆိုထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံသား ဓားစာခံနှစ်ဦး သေဆုံးသွားပြီဆိုတဲ့ သတင်းအတွက် အထူးစိတ်ထိခိုက်မိပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲမိကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် ကျန်နေသေးတဲ့ ဓားစာခံတွေ လွတ်မြောက်နိုင်ရေးအတွက် ထိုင်းအစိုးရက အစွမ်းကုန် ကြိုးပမ်းမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ထိုင်းအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံသား တချို့ဟာ အစ္စရေး-ဂါဇာ နယ်စပ်က ဘုံစိုက်ပျိုးရေး လုပ်ငန်းတွေမှာ သွားရောက် အခြေချ အလုပ်လုပ်နေပြီး ဂါဇာစစ်မီး တောက်လောင်လာချိန်မှာ ကြားညပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Bangkok Post