AstraZenecaရဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ပြန်လည် သိမ်းဆည်းတော့မယ်လို့ ကြေညာ

မေ၊ ၈

စျေးကွက် ဝယ်လိုအား အရမ်းကျဆင်းသွားပြီ ဖြစ်တာကြောင့် ကမ္ဘာအနှံ့ကို ဖြန့်ဝေထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို ပြန်လည် သိမ်းဆည်းသွားမယ်လို့ AstraZeneca ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဗြိတိန်-ဆွီဒင် ဖက်စပ် ဆေးဝါးလုပ်ငန်းစုကြီးဟာ ကမ္ဘာ့ကုလသမဂ္ဂ အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးတွေ အစောဆုံး ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေထဲက တခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ကုမ္ပဏီက သူတို့ရဲ့ ကာကွယ်ဆေးကို Vaxzevriaလို့ နာမည် ပြောင်းလဲခဲ့ပါတယ်။

အခုအခါမှာတော့ ဆင့်ကဲ ဗီဇပြောင်းလဲလာတဲ့ ကိုဗစ်ရောဂါ ဗိုင်းရပ်စ်တွေအတွက် အဆင့်မြှင့် ထုတ်လုပ်ထားတဲ့ နောက်ထပ် ကာကွယ်ဆေး အမျိုးအစားတွေ စျေးကွက်ထဲမှာ အမြောက်အမြား ရောက်ရှိလာပြီ ဖြစ်တာကြောင့် မူရင်း Vaxzevria ဆေးအပေါ် ဝယ်လိုအားတွေ မရှိသလောက် နည်းသွားခဲ့ပါတယ်။

ဒါကြောင့်လည်း စျေးကွက်ထဲမှာ ရှိနေတဲ့ ကာကွယ်ဆေးတွေကို ကုမ္ပဏီက ပြန်သိမ်းယူမှာ ဖြစ်သလို ဥရောပ စျေးကွက်အတွက် ရည်ရွယ် ဖွဲ့စည်းထားတဲ့ အရောင်းမြှင့်တင်ရေး ဌာနကိုလည်း ဖျက်သိမ်းတော့မယ်လို့ AstraZenecaက ဆိုပါတယ်။

နောက်ပိုင်းမှာလည်း Vaxzevriaကို ကုမ္ပဏီက အသစ်ထုတ်လုပ်တာ၊ စျေးကွက်ထဲ ဖြန့်ဝေတာတွေ ဆက်မလုပ်တော့ဘူးလို့ သိရပါတယ်။

 AstraZenecaဟာ အဲဒီကာကွယ်ဆေးကြောင့် ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာတချို့ ကြုံနိုင်ကြောင်း ဝန်ခံထားတဲ့ တရားရုံး မှတ်တမ်းတချို့ ထွက်ပေါ်လာလို့ ဝေဖန်မေးခွန်းထုတ်မှုတွေ ကြုံနေချိန်မှာ ဆေးတွေ ပြန်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။

ထိုးနှံသူတွေထဲက အရမ်းနည်းပါးတဲ့ အချိုးအစားမျိုးမှာ ကြုံရတာမျိုး ဆိုပေမယ့် သွေးခဲမှု မူမမှန်တဲ့ ပြင်းထန်တဲ့ ဘေးထွက် အာနိသင်မျိုး ကြုံခဲ့သူတွေ ရှိတယ်လို့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။ Vaxzevria ကိုဗစ် ကာကွယ်ဆေးကို အိန္ဒိယမှာ Covishieldဆိုတဲ့ နာမည်နဲ့လည်း လိုင်စင်ယူ ထုတ်လုပ်နေခဲ့ပါတယ်။

လောလောဆယ်မှာတော့ AstraZenecaဟာ တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကာကွယ်ဆေးတွေနဲ့ အဝလွန်မှုကို တိုက်ဖျက်တဲ့ ဆေးဝါးအသစ်တွေကို အာရုံစိုက် သုတေသနပြု တီထွင်နေတယ်လို့ သိရပါတယ်။

 Ref: Reuters