ယူကရိန်း သမ္မတကို ရာဇဝတ်ကြောင်းအရ အလိုရှိသူ စာရင်းထဲ ရုရှားသွင်းထားတယ်လို့ဆို

မေ၊ ၆

ရုရှား အစိုးရဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ရာဇဝတ်ကြောင်းအရ အလိုရှိတယ်ဆိုတဲ့ စာရင်းထဲ ထည့်သွင်းထားလိုက်ကြောင်း သိရပါတယ်။

ရုရှားရဲ့ Tass သတင်းဌာနက ဇီလန်စကီးဟာ ရုရှား အာဏာပိုင်တွေက ရာဇဝတ်ကြောင်းအရ အလိုရှိတဲ့ စာရင်းထဲမှာ ထည့်သွင်းသတ်မှတ် ခံလိုက်ရပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းဖက်ကတော့ အဲဒီကိစ္စကို လှောင်ပြောင်ခဲ့ပြီး စစ်ရေးအရ မျှော်လင့်ထားသလိုတွေ မဖြစ်တာကြောင့် ရုရှားဟာ သွေးရူးသွေးတမ်းတွေ လျှောက်လုပ်နေတဲ့ သက်သေ တခုလို့ တုံ့ပြန်ခဲ့ပါတယ်။

Tassရဲ့ ဖော်ပြချက်အရ ရုရှား ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ရာဇဝတ်ကြောင်းဆိုင်ရာ အလိုရှိကြောင်း မှတ်တမ်း စာရင်းတွေမှာ ဇီလန်စကီးရဲ့ နာမည် ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘယ်လို စွပ်စွဲချက်မျိုးနဲ့ အခုလို စာရင်းသွင်းထားသလဲ ဆိုတာကိုတော့ Tassက အသေးစိတ် ဖော်ပြမထားခဲ့ပါဘူး။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ကိုယ်တိုင်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်း ထုတ်တာ ခံထားရလို့ ညစ်တွန်းတွန်းတဲ့ အဓိပ္ပါယ်သာ ဖြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းနဲ့ ဥရောပ နိုင်ငံတချို့က နိုင်ငံရေးသမားတွေကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ခဲ့ဖူးပေမယ့် လက်တွေ့ ဖမ်းဆီးနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။

ဖေဖော်ဝါရီလတုန်းကဆိုရင် ရုရှား ရဲတပ်ဖွဲ့ဟာ အက်စ်တိုးနီးယား ဝန်ကြီးချုပ် ခါဂျာ ကာလက်စ်၊ လစ်သူယေးနီးယားရဲ့ ယဉ်ကျေးမှုဝန်ကြီးနဲ့ လတ်ဗီးယား လွှတ်တော် အမတ်ဟောင်း တချို့ကို ဆိုဗီယက်ခေတ် အနုပညာ လက်ရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတယ်ဆိုပြီး ဝရမ်းထုတ်ခဲ့ဖူးပါသေးတယ်။

ဒါ့အပြင် ပူတင်ကို ICCက ဝရမ်းထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ ICCရဲ့ အမှုစစ် အရာရှိကိုလည်း မနှစ်တုန်းက ရုရှားက ဖမ်းဝရမ်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

 Ref: Reuters