ကင်ဂျုံအန်းကို သစ္စာစောင့်သိကြောင်း သူ့မွေးနေ့မှာ မြောက်ကိုရီးယား ပြည်သူတွေ သစ္စာဓိဋ္ဌာန် ပြုခဲ့ရတယ်လို့ဆို


မေ၊ ၆

ခေါင်းဆောင်ကြီး ကင်ဂျုံအန်းရဲ့ မွေးနေ့မှာ ပြည်သူတွေက သူ့အပေါ် သစ္စာစောင့်သိပါ့မယ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်တွေ ရွတ်ဆိုခဲ့ကြရကြောင်း နိုင်ငံရေး သုတေသန ဌာနတခုက ဆိုပါတယ်။

မြောက်ကိုရီးယားမှာ ကင်အာဏာရလာတဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဒီလို အခြေအနေမျိုးဟာ ပထမဆုံး အကြိမ်လို့လည်း ဆိုးလ်မြို့အခြေစိုက် တောင်နဲ့မြောက် ဖွံ့ဖြိုးရေး သုတေသနဌာန (SAND)က ဖော်ပြခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင်က သူ့အပေါ် လူထုထောက်ခံမှုကို ပိုမိုစုစည်းဖို့ လုပ်ဆောင်နေတဲ့ အစီအမံတွေထဲက တခုလို့ ယူဆရကြောင်း SANDက ဆိုပါတယ်။

ကင်ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ ဖြစ်ဖွယ်ရှိတဲ့ ဇန်နဝါရီ ၈ ရက်နေ့တုန်းက ပြည်သူတွေအားလုံး ခေါင်းဆောင်ကြီးအပေါ် သစ္စာခံကြောင်း အဓိဋ္ဌာန် ပြုကြဖို့ အာဏာပိုင်တွေက လမ်းညွှန်ခဲ့တယ်လို့ SANDက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ကင်ရဲ့ မွေးနေ့ကို ဘယ်တုန်းကမှ တရားဝင် ထုတ်ပြန်လေ့ မရှိပါဘူး။

ခေါင်းဆောင်ကြီးရဲ့ မွေးနေ့မှာ ပြည်သူတွေက သစ္စာစောင့်သိကြောင်း သစ္စာဓိဋ္ဌာန် ပြုတာမျိုးတွေကို ကင်ရဲ့ ဖခင်နဲ့ အဖိုးဖြစ်သူတို့ အုပ်စိုးစဉ် ကာလတွေမှာ ကျင့်သုံးခဲ့ဖူးပေမယ့် ကင်ရဲ့ လက်ထက်မှာတော့ အခုနှစ်ဟာ ပထမဆုံးလို့ ယူဆရကြောင်း SANDက ဆိုပါတယ်။

နိုင်ငံကို အုပ်စိုးနေတာ ၁၃ နှစ် ကြာပြီးမှ ဒီအစဉ်အလာကို ကျင့်သုံးလာတာဟာ မြောက်ကိုရီးယားရဲ့ စည်းရုံးရေး မူဝါဒတွေမှာ အပြောင်းအလဲ တခုခုကို ဦးတည်လာနေတဲ့ နိမိတ်လည်း ဖြစ်နိုင်တယ်လို့ SANDက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ နိုင်ငံထူထောင်သူလည်းဖြစ်၊ ကင်ရဲ့ အဖိုးလည်းဖြစ်တဲ့ ခေါင်းဆောင်ဟောင်း ကင်အီဆွန်းရဲ့ ဧပြီ ၁၅ ရက်၊ မွေးနေ့ကို နှစ်စဉ် ကျင်းပနေကျကနေ အခုနှစ်မှာ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒါဟာ ကင်က အဖိုးဖြစ်သူရဲ့ လောင်းရိပ်အောက်က အပြီးတိုင် ရုန်းထွက်ပြီး သူ့ပုံရိပ်ကို ပိုမိုချဲ့ထွင် တည်ဆောက်လိုတဲ့ ခြေလှမ်းလို့လည်း ယူဆရပါတယ်။

တချိန်တည်းမှာပဲ ကင်ဟာ မကြာသေးခင် ကာလတွေအတွင်း သမီးဖြစ်သူ ကင်ဂျူအေးကို အရေးပါတဲ့ အခမ်းအနားတွေနဲ့ ခရီးစဉ်တွေမှာ ပိုမို ပွဲထုတ်လာခဲ့ပြီး အနာဂတ်မှာ သူ့အရိုက်အရာကို ဆက်ခံမယ့် ခေါင်းဆောင်လောင်းအဖြစ် မြေတောင်မြှောက်ပေးနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း အားကောင်းလာခဲ့ပါတယ်။

Ref: AP