
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဒေသဖြစ်တဲ့ နာဂေးကီအို ကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးပါဘူး။
၁၅ ၊ ဩဂုတ်
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်မှာ ဒီကနေ့ ဩဂုတ်လ ၁၅ရက်နေ့ မနက်ပိုင်းက ပြင်းအား ၇.၇ မဂ္ဂနီကျုဒ့်ရှိတဲ့ ငလျင်တစ်ခုနဲ့အတူ နောက်ဆက်တွဲငလျင်ပေါင်း ဒါဇင်ချီလှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၂၀ရှိလာပြီလို့ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
မနက်စောစောပိုင်း ငလျင်လှုပ်ပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ ဧရိယာတော်များများမှာ ၁ မီတာ (၃ ပေ) မပြည့်တပြည့် ရှိတဲ့ ဆူနာမီလှိုင်းတွေကို စံချိန်တင် တွေ့ရှိခဲ့ရပါတယ်။ ဆူနာမီသတိပေးချက်ကိုတော့ ငလျင်လှုပ်ပြီး ၃ နာရီလောက်အကြာမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
မော်မဲယား ဆိပ်ကမ်းမြို့ ပတ်ဝန်းကျင်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သေဆုံးသူ ၂၀၊ ဒဏ်ရာရသူ ၆ ယောက်နဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ၂ ယောက်ကို တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဖာသူ ရာမန် က ပြောပါတယ်။
မော်မဲယားဟာ အင်ဒိုနီးရှား ကျွန်းစုကြီးရဲ့ အရှေ့ဘက် ဖလိုရက်စ်ကျွန်း ၊ ဆစ်ကာခရိုင် ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဒေသဖြစ်တဲ့ နာဂေးကီအို ကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးပါဘူး။ အဲဒီမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ရာမန်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
နာဂေးကီအိုကို ကားနဲ့သွားဖို့ ကြိုးစားပေမဲ့ မြေပြိုမှုတွေကြောင့် လမ်းပိတ်နေလို့ အခြားအဖွဲ့တစ်ဖွဲ့က ကူးတို့သင်္ဘောနဲ့ သွားဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။
နာဂေးကီအိုမှာ ဒေသခံ ၂,၀၀၀ လောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး အိမ်အချို့၊ ဂိုဒေါင်တွေနဲ့ အစိုးရရုံး အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ပြောပါတယ်။ ခရိုင်အတွင်း အချို့နေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
အရှေ့နူဆာတန်ဂါရာပြည်နယ် ရဲ့ အုပ်ချုပ်ရေးမှူး အီမန်နူအယ်လ် မဲလ်ကီယာဒက်စ လာကာ လီနာ ကတော့ သတင်းစာရှင်းလင်းပွဲမှာ အနည်းဆုံး လူ ၅ ယောက်ဟာ အိပ်ပျော်နေတုန်း အဆောက်အအုံတွေ ပိုမိုပြိုကျမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ပြောသွားပါတယ်။
သေဆုံးသူ ၁ ယောက်နဲ့ ဒဏ်ရာရသူ ၄ ယောက်ပဲ ရှိသေးတယ်လို့ စာရင်းထုတ်ပြန်ထားတဲ့ BNPB ကတော့ အချက်အလက်တွေကို စုဆောင်းနေတုန်းပဲလို့ ဆိုပါတယ်။
အင်ဒိုနီးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဂျပန်ကနေ အရှေ့တောင်အာရှ၊ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာ ဒေသတစ်ခုလုံးအထိ သွယ်တန်းနေတဲ့ ငလျင်လှုပ်ခတ်မှု အလွန်အားကောင်းတဲ့ “ပစိဖိတ် မီးကွင်း” ဧရိယာထဲမှာ တည်ရှိနေတာကြောင့် ငလျင်ခဏခဏ လှုပ်လေ့ရှိပါတယ်။
၁၉၉၂ တုန်းကလည်း ဖလိုရက်စ်ကျွန်း မှာ မဂ္ဂနီကျူဒ့် ၇.၇ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ဆူနာမီပါ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂,၅၀၀ လောက် သေဆုံးခဲ့ရပါတယ်။
Ref – Reuters
#အင်ဒိုနီးရှား #ငလျင် #သေဆုံး #အင်အားပြင်း
#DeltaNewsAgency #DNA