၂ ၊ မတ် ၊ ၂၀၂၀
မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာတော့ ဧရာဝတီတိုင်းက သိမ်းဆည်းခံမြေယာ
(၂,၉၆၅) ဧကကို မူလလယ်သမားတွေဆီကို ပြန်လည်ပေးအပ်ခဲ့ ပါတယ်။
ဧရာဝတီတိုင်းလယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီ အထူးအဖွဲ့ကနေ ဥပဒေနဲ့အညီ စစ်ဆေးပြီး ဓနုဖြူ ၊ မအူပင် ၊ ရေကြည်နဲ့ ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား(၆၃၉)ဦးရဲ့မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။
အစိုးရအနေနဲ့လယ်ယာမြေ သိမ်းဆည်းခံရမှုတွေအတွက် စစ်ဆေးပေးနေပြီး ကျန်တဲ့မြေယာအမှုတွေကိုလည်း ဥပဒေနဲ့အညီ စစ်ဆေးကာပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ဧရာဝတီတိုင်းကလယ်သမားအရေး လုပ်ဆောင်သူတွေကတော့ အခုလိုပြန်ပေးတာကိုကြိုဆိုပေမယ့် မြေပြင်မှာ
လယ်ယာမြေအရေးတွေ ဖြစ်ပေါ်လာတဲ့အခါ အစိုးရအနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။
လူဦးရေ (၆)သန်းကျော်နေထိုင်တဲ့ ဧရာဝတီတိုင်းရဲ့ (၇၀)ရာခိုင်နူန်းဟာ စပါးနဲ့တခြားသီးနှံတွေ စိုက်ပျိုးအသက်မွေးကြပြီး ယခုအစိုးရလက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေ (၁၁,၉၅၇)ဧကကို ပြန်လည်ပေးအပ်ခဲ့ပီလို့သိရပါတယ်။