မုံရွာမြို့လယ် စစ်ကြောရေးစခန်းလုပ် နှစ်ရှည်လမ်းပိတ်ထားလို့ ဒေသခံများ လူမှုစီးပွားဒုက္ခရောက်


Photo – CJ (၂၀၂၁ ဖေဖော်ဝါရီက မုံရွာမြို့တော်ခန်းမရှေ့လမ်းကို စစ်ကောင်စီကပိတ်ဆို့နေစဉ်)

မေ၊ ၃

မုံရွာမြို့လယ်မှာရှိတဲ့ မြို့တော်ခန်းမကို စစ်ကောင်စီက စစ်ကြောရေးစခန်း ပြုလုပ်ကာ ခန်းမရှေ့ မိန်းလမ်းမကြီးကို ပိတ်ဆို့ထားတာကြောင့် ဒေသခံများ လူမှု စီးပွား ဒုက္ခများနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

မုံရွာမြို့ကျက်သရေဆောင် မြို့တော်ခန်းမကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ကတည်းက စစ်ကြောရေးစခန်းလုပ်ခဲ့ပြီး အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေကို  ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကစလို့ အကာအရံ ထူထပ်စွာချပြီး ဖြတ်သန်းသွားလာခွင့် မပြုခဲ့တာ သုံးနှစ်ကျော်ပြီလို့ ဒေသခံများက ဆိုပါတယ်။

လမ်းပိတ်ထားတာကြောင့် ခန်းမ ပါတ်လည် မြို့မရဲစခန်းတိုက်တန်း၊ မက်သဒစ်အသင်းတော်တိုက်တန်းက အဌားစျေးဆိုင်ခန်း ၄၀ နီးပါး ပိတ်ခဲ့ရပြီး အချို့မှာ နေရာပြောင်းလဲဖွင့်ခဲ့ကြပါတယ်။

ဆိုင်ခန်း စာချုပ်ချုပ်ပြီး ပြင်ဆင်နေတုန်း ကိုဗစ်ကြောင့် ပိတ်ရတယ်၊ပြန်ဖွင့်တော့ အာဏာသိမ်းပြီး လမ်းတွေပိတ်တော့ အကုန်ရှုံးရော၊အဲဒီချိန်က အကုန်ဆိုင်ထဲမှာ ရင်းနှီးထားတော့ အကုန်တစ်က ပြန်စရတယ်၊ စုဆောင်းထားတာလည်းကုန်တော့ စိတ်ဓာတ်ကျလို့ အခုသူများအလုပ်မှာဝန်ထမ်းပြန်လုပ်နေတော့တယ် ” လို့ အထည်ဆိုင်ဖွင့်ခဲ့တဲ့ အမျိုးသမီး ကပြောပါတယ်။

မြို့တော်ခန်းမ ဝန်းကျင်မှာ လူနေအိမ်အချို့နဲ့ ဖုန်းဆိုင်၊ အဝတ်အထည်ဆိုင်၊ စတိုးဆိုင်၊ မျက်မှန်ဆိုင်၊မိတ္တူဆိုင် စားသောက်ဆိုင်များဟာ  တလ အနိမ့်ဆုံးငွေကျပ်နှစ်သိန်းခွဲခန့်နဲ့ ဌားရမ်းဖွင့်ခဲ့ကြတာပါ။

အာဏာမသိမ်းမီကာလက အဲဒီနေရာဟာ မြို့ရဲ့အစည်ကားဆုံးနဲ့ စျေးရောင်းစျေးဝယ်အကောင်းဆုံးနေရာ တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ခန်းမအနီးက  ဟိုတယ်၊တည်းခိုခန်းများ၊ ဘဏ်များ၊ဆေးဝါးအရောင်းဆိုင်များ၊စားသောက်ဆိုင်များလည်း လူသူဖြတ်သန်းသွားလာမှုမရှိတာကြောင့် ပိတ်ထားခဲ့ကြရပါတယ်။

ခန်းမအနီး နေအိမ်တွေမှာလည်း ညဘက်ကျန်းမာရေးကိစ္စအရေးပေါ် ဖြစ်ပါက သွားလာဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

“အမေက လေဖြတ်သွားလို့ အရေးပေါ် လူမှုရေးအသင်းကားခေါ် တာ၊ ဒီနားကို ဘယ်အသင်းမှ မလာရဲကြဘူး၊ နေ့ခင်းတောင် မလာရဲတာ ညဆိုပိုဆိုးတာပေါ့၊ မထင်ရင် အစစ်ဆေးမရှိဘဲ ပစ်ကြတာမို့ ဘယ်သူမှ မကူရဲဘူး၊ မနက်မှဆေးရုံတင်ရတော့ အသက်မမှီဘူး” လို့ ၎င်းအနီးနေထိုင်သူက ပြောပါတယ်။

အချို့လူနေအိမ်များမှာလည်း မြို့တွင်းသို့ပြောင်းရွှေ့ကာ နှစ်ရှည် အိမ်အငှားနဲ့ နေထိုင်ရတယ်လို့ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့များကလည်း မြို့တော်ခန်းမကို မကြာခဏ  ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခြင်း၊ မိုင်းခွဲခြင်းတွေကြောင့် အချို့မှာနေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။

“မြို့ရဲ့ အထင်ကရ အစည်ကားဆုံးနေရာကို စစ်ကြောရေးစခန်းလုပ်ကတည်းက စစ်ကောင်စီရဲ့ မုံရွာမြို့အပေါ်ထားတဲ့ သဘောထားကို ပြသတာပဲ “လို့ ဒီမိုကရေစီအရေးကူညီသူများကွန်ရက်တည်ထောင်ခဲ့သူ မုံရွာမြိုခံကိုစိုးဝင်းဆွေက မှတ်ချက်ပေးပါတယ်။

မြို့တော်ခန်းမအနီး စျေးဆိုင်များသို့ စျေးဝယ်လာသူများ ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ရှောင် စစ်ဆေးတက်ပြီး မသင်္ကာပါက အမေးအမြန်းမရှိ ပစ်ခတ်တာတွေကြောင့် လူသေဆုံးမှုများလည်းရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ရက်က  မြို့တော်ခန်းမအနီး မုံရွာဆေးရုံကိုသွားတဲ့ ဆိုင်ကယ်စီး လူငယ်ကို ခန်းမအစောင့်စစ်ကောင်စီတပ်က  ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။