ခမ်းပါတ်မြို့ လူနေရပ်ကွက်ထဲ စစ်ကောင်စီဗုံးကြဲချလို့ အရပ်သားသေဆုံးထိခိုက်မှုတွေရှိ

ဧပြီ၊၂၂

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊တမူးမြို့နယ် ခမ်းပါတ်မြို့တွင်း လူနေရပ် ကွက်ထဲကို စစ်ကောင်စီက မနေ့ညသန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှု တွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“မနက်နှစ်နာရီကြီး လေ‌ယာဉ်လာသွားတာ၊ကျွန်တော်တို့ အကုန်အိပ်ကောင်းနေတဲ့ အချိန်လေ၊လေယာဉ်သံကို မကြားမိကြဘူး၊ပထမဗုံးချတော့မှ လေယာဉ်မှန်းသိတာ၊ဗုံးကို -၃လုံးချသွားတာ၊အိမ်တွေဆို အပျောက်ပဲ၊ ညကြီး ဆိုတော့ ဖြစ်တဲ့နေရာလည်း မသိ၊ သွားလို့လည်း မရနဲ့ဗျာ”လို့  ခမ်းပါတ်မြို့ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတဦးကပြောပါတယ်။

ကနဦးသတင်းတွေအရ စစ်ကောင်စီရဲ့ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့ အမှတ် ၁နဲ့ အမှတ်၂ ရပ်ကွက်တွေထဲ ဗုံးကျရောက်ပေါက်ကွဲကာ အရပ်သား သုံးဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီကသိရပါတယ်။ဆက်သွယ်ရေးအခက်အခဲကြောင့် တိတိကျကျတော့အတည်မပြုနိုင်သေးပါဘူး။

ချင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Chin World ကတော့ စစ်ကောင်စီရဲ့ မနေ့ည လေကြောင်းတိုက်ခိုက်မှု ကြောင့် ခမ်းပါတ်ဒေသခံ သုံးဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရသွားတယ်လို့ဖော်ပြထားပါတယ်။

လတ်တလောရက်ပိုင်းတွေအတွင်းခမ်းပါတ်မှာ တိုက်ပွဲဖြစ်ခဲ့တာ၊ဖြစ်နေတာမျိုးမရှိဘဲ အခုလို လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့တာလို့ DNA နဲ့ အဆက်အသွယ်ရတဲ့ ခမ်းပါတ်ဒေသခံကပြောပါတယ်။

“တိုက်ပွဲတွေဘာတွေလည်း ဖြစ်တာမျိုးမရှိပါဘူး၊လူတွေဆီသက်သက်ကို ပစ်ချတာပါ၊ကနန်(ရွာ)တုန်းက ဖြစ်သ လိုမျိုး ခမ်းပါတ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာ”လို့သူက ပြောပါတယ်။

စစ်ကောင်စီဟာ အခုနှစ် ဇန်နဝါရီလအတွင်းကလည်း တမူးမြို့နယ်ထဲက ကနန်ရွာထဲ တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးကိုးဦးအပါအဝင် ၁၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများပြားရှိခဲ့ပါသေးတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ပေါက်ရှိရာ တမူးမြို့နဲ့ ကလေးမြို့ကြားက ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ် တွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။

ခမ်းပါတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားတာတွေရှိခဲ့ ပေမယ့် လက်ရှိအချိန်အထိတော့ တော်လှန်ရေးတပ်တွေက  ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

Photos Credit – Social Media