ကျောင်းသား ၅ ဦးပျောက်တယ်ဆိုတဲ့လူမှုကွန်ယက်သတင်းကြောင့် ပုသိမ်မြို့လူထုအထိတ်တလန့်ဖြစ်

၁၂ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ပုသိမ်မြို့၊မြက်တိုနားက စာသင်ကျောင်းတစ်ကျောင်းမှာ ကလေး ၅ ဦးပျောက်နေပြီး ကလေးမိဘတွေ သတိထားကြဖို့ စာတစ်ခုကို ဒီဇင်ဘာလ ၁၁ ရက်မနက်မှာ လူမှုကွန်ယက်မှာ ဖေ့ဘွတ်သုံးစွဲသူတစ်ဦးက တင်ခဲ့တာ ဖြစ်ပါတယ် ။ ပုသိမ်သူပုသိမ်သားများ ဆုံဆည်းရာ ဆိုတဲ့အဖွဲ့မှာ တင်ခဲ့တဲ့ လူမှုကွန်ယက်သတင်းကို ဝင်ရောက်ဆွေးနွေးသူတွေ ဖြန့်ဝေသူတွေ များပြားခဲ့တာပါ ။ Delta News Agency က ဒီသတင်းရဲ့ ရင်းမြစ်ဖြစ်တဲ့ အလက ၄ မြက်တို အထက်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ထွန်းကို သွားရောက်မေးမြန်းရာမှာ အိမ်နှင့် အခန့်မသင်ရာကနေ လူငယ်သဘာဝကိစ္စကြောင့်သာ ကျောင်းသားတစ်ဦး ကျောင်းသူတစ်ဦး ပျောက်ဆုံးနေတာဖြစ်ပြီး လူကုန်ကူးမှု မဟုတ်နိုင်ကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ ဒီသတင်းက ပုသိမ်မြို့ကဖေ့ဘွတ်လူမှုကွန်ယက်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပြီး အဲဒီညမှာပဲ မူရင်းပို့စ်တင်သူက သူ့ပို့စ်ကို ပြန်လည်ဖျက်သွားခဲ့ပါတယ် ။ရဲတပ်ဖွဲ့ တာဝန်ရှိသူကတော့ အခုဖြစ်ရပ်မှာ မူရင်းပို့စ်တင်သူကို တရားစွဲဆိုသွားမှာ မဟုတ်ပေမယ့် နောက်နောင်မှာ အခုလို ဖြစ်ရပ်မျိုးဖြစ်လာရင်တော့ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ် ။