မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်တပ်ဖမ်းဆီး

ဧပြီ၊ ၁၀

မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို ဒီကနေ့ ဧပြီလ ၁၀ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေထံမှ သိရပါတယ်။

“လမ်းမှာပဲလို့ ကြားရတာ၊ တယောက်ထဲလား၊ အဖော်ပါလားလည်း မသိရဘူး၊ လာဖမ်းခေါ်သွားတာတော့ သေချာပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီ ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါက်တာအောင်နိုင်ဦးရဲ့ မိသားစုဝင်တွေထံကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

 ဒေါက်တာ အောင်နိုင်ဦးက ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ မီးလောင်မှုဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့အတွက် ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်တယ်လို့လည်းပြောဆိုကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ မတ်လ ၂၇ ရက် ညနေလေးနာရီလောက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

နေအိမ်မီးလောင်ပျက်စီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေနဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခွင့်ရရှိဖို့အတွက် ဒေါက်တာ အောင်နိုင်ဦးအပါအဝင် မွန်သံဃာတော်တချို့က မတ်လ ၂၈ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ သွားရောက် ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီညှိနှိုင်းမှုမှာ တိုင်းမှူးက ကူညီထောက်ပံ့ခွင့်မပြုခဲ့ပေမယ့်လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေအတွက် ဒေါက်တာ အောင်နိုင်ဦးအပါအဝင် မွန်လူထုခေါင်းဆောင်ပိုင်းတချို့က ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဓမ္မသကျေးရွာမှာ မီးလောင်မှုဖြစ်စဉ်မှာ ကူညီထောက်ပံ့မှု ပြုလုပ်ပေးနေသူတဦးက ပြောပါတယ်။

“မနက်ကတောင် သူနဲ့ ချိန်းထားတာ ရှိတယ်၊ ဒီဘက်ရွာ(ဓမ္မသ)ဘက်ကို လာမယ်ပေါ့၊ အဲဒီကနေ ထွက်လာတာ ဖမ်းခံထိတာပဲထင်တယ်၊ တယောက်ထဲပဲ ကြားတာ” လို့ သူက ပြောပါတယ်။

လက်ရှိ ဒေါက်တာအောင်နိုင်ဦးကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာကို မသိရသေးပေမယ့် မွန်သံဃာတော်တွေနဲ့ မွန်ခေါင်းဆောင်ပိုင်းတချို့က စစ်ကောင်စီနဲ့ သွားရောက်ညှိနှိုင်းတွေ့ဆုံမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“သွားနေကြတုန်းပဲ၊ အခြေအနေက ဘာမှမသိသေးဘူး၊ ခုညနေ လေးနာရီထိုးတော့မယ်၊ ဘာသတင်းမှ မရသေးဘူး” အထက်ပါ စစ်ရှောင်ကူညီသူက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို DNA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိပါဘူး။

ဒေါက်တာ အောင်နိုင်ဦးဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကနေ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာနှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိပြီး ဒီချုပ်အစိုးရလက်ထက်မှာ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါက်တာအောင်နိုင်ဦးက ယခင်မဲဆန္ဒနယ်ကနေပဲ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ကိုယ်စားလှယ်တာဝန်ယူထားစဉ်ကာလမှာ အစိုးရကို ဝေဖန်ထောက်ပြ ထိန်းကြောင်းနိုင်ခဲ့သူတဦးဖြစ်သလို မွန်စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေမှာလည်း အားတက်သရော ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့သူတယောက်ဖြစ်တာကြောင့် မွန်လူထုတွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲစာရင်းမသာမာမူကို အကြောင်းပြကာ စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်မှာ မွန်ညီညွတ်ရေးပါတီ(MUP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(CEC)ကနေ နုတ်ထွက်လိုက်ပြီးနောက်မှာ နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ ပရဟိတလုပ်ငန်းနဲ့ စာပေနဲ့ ယဉ်ကျေးမှုလုပ်ငန်းတွေဘက်ကို ပြောင်းလဲလုပ်ကိုင်လာခဲ့တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

Photo – ဒေါက်တာ အောင်နိုင်ဦး FB

ပုံစာ -ဒေါက်တာ အောင်နိုင်ဦး စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နေစဉ်