မြန်မာ့အရေးမှာ ပါဝင်ကိုင်တွယ်တဲ့အခါ

ဧပြီ ၊ ၁၀

စစ်အာဏာရှင်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ထိုင်းဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာမယ့် မြောက်မြားစွာသော စစ်ရှောင်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ဖို့ အဓိက မဏ္ဍိုင်ဖြစ်လာပါတယ်။ မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ အာဆီယံ အဖွဲ့ဝင်လည်းဖြစ်တဲ့ ထိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည် ထွန်းကားဖို့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အခန်းကဏ္ဍ တခုတော့ ပါဝင်ရမှာလည်း အမှန်ပါပဲ။

 ဒါပေမဲ့ အဲဒီအဆင့် မတိုင်ခင် ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ရဲ့ အစိုးရဟာ မြန်မာနဲ့ ပတ်သက်တဲ့ သံတမန်ရေး မူဝါဒတွေနဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး အစီအမံတွေဟာ မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ချဉ်းကပ်မှုမျိုးတွေဆိုတာ သေချာအောင် အရင်လုပ်ဆောင်ရပါမယ်။ ဘက်မလိုက် မူ​ဝါဒမျိုးကို ခိုင်မာအောင် ဆုပ်ကိုင်မထားရင် ထိုင်းဟာ အင်မတန် ရှုပ်ထွေးပွေလီတဲ့ ပြည်တွင်း အကျပ်အတည်း တခုထဲကို တရွတ်တိုက် ဆွဲချခံရတာမျိုး ဖြစ်သွားနိုင်ပါတယ်။

 မဲဆောက်လေဆိပ်မှာ မြန်မာစစ်တပ်ရဲ့ စင်းလုံးငှား လေယာဉ်တွေ ဆင်းသက်ဖို့ ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ နောက်ဆုံးရ သတင်းတွေကို ကြည့်ရင်တော့ ထိုင်းအစိုးရဟာ အခုလိုမျိုး ခက်ခဲတဲ့ ကိစ္စတွေကို ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးလို့ပဲ သုံးသပ်ရပါမယ်။ အဲဒီ လေယာဉ်တွေဟာ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ အသုံးအဆောင်တွေနဲ့ ယုတ်စွအဆုံး ငွေကြေးတွေကို မြန်မာဖက် ပြန်သယ်ရာမှာ အသုံးပြုခဲ့တယ်လို့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။

 အခုဆိုရင် အတိုက်အခံတွေနဲ့ ဝေဖန်သူတွေက ထိုင်းအစိုးရဟာ ဒီကိစ္စကို တလွဲတ​ချော် ကိုင်တွယ်ခဲ့လို့ နိုင်ငံတကာ အမြင်မှာ ထိုင်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပြီလို့ အပြစ်တင်နေကြပါပြီ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲဒီ လေယာဉ်တွေဟာ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်ရာ နယ်စပ်မြို့ မြဝတီကနေ ထွက်ပြေးလာတဲ့ မြန်မာ စစ်တပ် အရာရှိတွေနဲ့ မိသားစုဝင်တွေကို ပြန်လည် ခေါ်ယူနိုင်ဖို့ ထိုင်းအစိုးရ ကိုယ်တိုင်က ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက ဒီကိစ္စကို သိပ်ပြီး လေးလေးနက်နက် မဟုတ်သလို ပုံဖော်ဖို့ ကြိုးစားနေပေမယ့် ဒေသခံ ပြည်သူတွေကတော့ လေယာဉ်ပေါ် ဘာတွေ ပါသွားသလဲ ဆိုတာကို သိချင်နေတုန်းပါ။ ဒါကလည်း အတိတ်တုန်းက ထိုင်းအစိုးရရဲ့ မြန်မာအပေါ် ကျင့်သုံးတဲ့ မူဝါဒတွေအပေါ် အခြေတည်လာတဲ့ သံသယတွေ ဖြစ်ပါတယ်။

 ဝန်ကြီးချုပ်ဟောင်း ပယာရွတ် ချန်အိုချာ ဦးဆောင်ခဲ့တဲ့ ကာလတွေတုန်းက ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီး လပိုင်းလောက် အကြာမှာ ထိုင်းဟာ မြန်မာစစ်တပ်အတွက် ရိက္ခာထောက်ပံ့တာတွေတောင် ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ (ထိုင်းနဲ့ မြန်မာစစ်တပ်တွေဟာ အာဏာသိမ်းမှု မတိုင်ခင်တုန်းက နယ်စပ်မှာ ပူးပေါင်း ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်)

 လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက မြန်မာ တိုက်လေယာဉ်တွေဟာ တော်လှန်ရေး အင်အားစုတွေကို ဗုံးကြဲချိန်မှာ ထိုင်းလေပိုင်နက်ကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသံတိတ်နေလို့လည်း ထိုင်းစစ်တပ်က အတော်လေး ဝေဖန် ခံခဲ့ရဖူးပါတယ်။

 ဒါ့အပြင် ထိုင်းစစ်တပ်ရဲ့ မူဝါဒအရ ဒုက္ခသည်တွေကို မြန်မာဖက် ပြန်ပို့ခဲ့တဲ့ လုပ်ရပ်တွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားတွေကို အန္တရာယ်တောထဲ တွန်းပို့နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ထောက်ပြထားပါတယ်။ ထိုင်းစစ်သားတွေ ကိုယ်တိုင် ဘက်မလိုက် ဝါဒကို လက်ကိုင်ပြုတာ သေချာအောင် ဝန်ကြီးချုပ် ဆရက်သာရော၊ ကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်တို့ပါ ဖိဖိစီးစီး ဆောင်ရွက်ဖို့ လိုပါတယ်။

 မတည်ငြိမ်မှုတွေ တရိပ်ရိပ် တိုးပွားလာတဲ့ အခြေအနေမှာ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တန်နာသက်ဘူတာက ထိုင်းအစိုးရ အနေနဲ့ မြန်မာ့အရေးအတွက် နိုင်ငံတကာကို ထိတွေ့ဆက်ဆံ ဆွေးနွေးဖို့ အထူးစင်တာ တခုနဲ့ လူထုဆက်ဆံရေး အဖွဲ့တခု ထူထောင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါ့အပြင် နယ်စပ်နားမှာ အခြေစိုက်ပြီး ဒုက္ခသည်တွေ အခြေအနေကို စောင့်ကြည့်ဖို့၊ စာရင်းသွင်း မှတ်သားပေးဖို့ တာဝန်ယူမယ့် အထူးစင်တာ တခု ထူထောင်သင့်တယ်လို့ပါ သူက အကြံပြုခဲ့ဖူးပါတယ်။

 လက်ရှိမှာတော့ ဝန်ကြီးချုပ် ဆရက်သာရဲ့ အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ကိုင်တွယ်နေရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီထဲမှာ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ချိတ်ဆက်မှုတွေကို လျှော့ချဖို့ဆိုတဲ့ ဖိအားတွေလည်း ပါဝင်နေပါတယ်။ မြန်မာ့ အကျပ်အတည်းထဲမှာ လုံးထွေးရောယှက်သွားဖို့ ဆိုတာက ထိုင်းအတွက် လိုလားချင်စရာ မရှိဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာ စစ်ရှောင်တွေအတွက် ကူညီ ထောက်ပံ့မှု အစီအစဉ်တွေကို ကြီးမှူးရင်း နယ်စပ်က တရားမဝင် ကုန်သွယ်မှုတွေကိုလည်း နိုးနိုးကြားကြား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီ တရားမဝင် ကုန်သွယ်မှုတွေထဲမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်တွေ၊ လူမှောင်ခိုကိစ္စတွေနဲ့ တရား္မဝင် လောင်းကစားမှုတွေ အားလုံးပါ အကျုံးဝင်ပါတယ်။ နောက်ပြီး တချို့သော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေးနေတဲ့ အခြေအနေနဲ့ ရည်ရွယ်ချက်တွေကိုလည်း မျက်ခြေပြတ်ခံလို့ မရပါဘူး။

 အဆုံးသတ် အနေနဲ့ကတော့ ထိုင်းအစိုးရဟာ နှစ်လိုစရာ အိမ်နီးချင်းကောင်း ဖြစ်ဖို့ လိုပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ အားထုတ်မှု အားလုံးဟာ ထိုင်းပြည်သူတွေရဲ့ သဘောထား ဆန္ဒအတိုင်း ထင်ဟပ်နေရပါမယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည် ရရှိစေဖို့ပဲ ဖြစ်ပါတယ်။