ကျိုက်ထိုက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာသုံးခုကို ပူးပေါင်းအဖွဲ့တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုရှိ

ဧပြီ၊ ၇
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာသုံးခုကို မနေ့ ကဧပြီလ ၆ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
 
“မုပ္ပလင်လမ်းဆုံဂိတ်နားပတ်ပတ်လည်မှာ တပ်စွဲထားတဲ့နေရာမှာ တော်တော်ထိသွားတာ၊ လက်နက်ကြီးနဲ့ ဒရုန်းကို အဓိက အားထားပြီး ပစ်တာပေါ့နော်၊ အဲဒီမှာပဲငါးယောက်ကျတာပေါ့နော်၊ နောက်တနေရာတော့ ထိခိုက်ဒဏ်ရာရတာလောက်ပဲ ရှိတယ် “”လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကို ပြောပါတယ်။
 
ကျိုက်ထိုမြို့အနောက်ဘက် ၁၂ မိုင်အကွာမှာ မုပ္ပလင်စစ်ဆေးရေးလမ်းဆုံဂိတ်အနီးဝန်းကျင်က ရွှေစေတီ၊ ငွေစေတီ၊ ဘုရားကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ဝန်းကျင်နီးပါး တပ်စွဲ ထားတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၆၀ မမ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိနစ်လေးဆယ်နီးပါးကြာ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် စစ်ကောင်စီ ဘက်က ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ စစ်သားနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
တဆက်တည်းမှာပဲ ညနေ ၅ နာရီခန့်မှာ ကျိုက်ထိုမြို့အနောက်ဘက် ရှစ်မိုင်ခန့်အကွာ အင်အား ၁၅ ဦးခန့် တပ်စွဲထားတဲ့ လက်ပံပင်သင်္ချိုင်းကုန်းနဲ့ အင်အား ၇ ဦးထက်မနည်း တပ်စွဲထားတဲ့ အင်္ဂဘိုတာဝါတိုင်မှ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေကို လက်နက်ကြီးဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် လေးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စခန်းအနီးမှာ ရပ်ထားတဲ့ စစ်ဘက်သုံးယာဉ်နှစ်စီးအပါအဝင် အိမ်စီးကားတစီးလည်း ထိခိုက် ပျက်စီးမှု ရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ထိခိုက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
 
အခုပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်ထားခြင်း မရှိသေးသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။
 
ကျိုက်ထိုမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ မနေ့က ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ စစ်သားတဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက အရာရှိတဦး ဒဏ်ရာပြင်းထန်တာ ကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
 
“တနေရာထဲကနေ ပစ်ခံရတာမဟုတ်ဘူး၊ ဝိုင်းပစ်ခံရတာ၊ ထိခိုက်မှုတော့ ရှိတယ်ပေါ့၊ ရဲနဲ့ တပ်က တယောက်စီ ကျတယ်၊ ခွဲမှူးကတော့ ဆေးရုံပို့ထားရတယ်၊ ခန္ဓာကိုယ်မှာ ကျည်စထိမှန်သွားတော့ ခွဲစိတ်ကုသနေရတယ်” လို့ သူက ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိထားတဲ့ တပ်ဖွဲ့တွေထဲက ဒဏ်ရာအများအပြားရရှိထားပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီလက်နက်ကြီးတွေက ကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပေမယ့် အရပ်သားထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။
 
“မနေ့က တနေ့လုံးပစ်တယ်၊ ညဘက်လည်း ပစ်တယ်၊ ရွာထဲကို မကျဘဲ ရွာပြင်ဘက်ကို ကျကွဲလို့ပေါ့ အရပ်သားတွေ မထိကျတာ၊ ဒီမနက်တောင် ရွာသားတွေ ရွာပြင်ကို သိပ်မထွက်ရဲကြဘူး၊ လက်နက်ကြီး ထပ်ပစ်မှာကို ကြောက်လို့လေ” လို့ သူက ပြောပါတယ်။
 
ကျိုက်ထိုမြို့နယ်အပါအဝင် သထုံခရိုင်အတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာတွေနဲ့ တပ်ရင်း တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မကြာမကြာသွားရောက်တိုက်ခိုက်လေ့ရှိပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိနေသလို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးတာ ရှိတယ်လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေမှာ အင်အားအများအပြားဖြည့်တင်းထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။
 
“ဒီဘက်ကလည်း စစ်ရေးအရှိန်မြှင့်နေတာ သိတော့၊ သူတို့က ရှိတဲ့အင်အားနဲ့ နေရာအနှံ့မှာ ဖြည့်တင်းထားတာ ရှိတယ်၊ ပေါ့ဆလို့တော့ မရဘူး၊ ခုတိုက်ခိုက်ခံရတဲ့နေရာမှာတောင် အများကြီး ထပ်ဖြည့်ထားတာ ယာယီစခန်းငယ်တွေက အစပေါ့နော်” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – မုပ္ပလင်စစ်ဆေးရေးဂိတ်