ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုအတွက် အကျဉ်းသားနှစ်ဆယ်နီးပါး ထောင်ခြောက်လစီ ထပ်တိုးခံရ

ဧပြီ ၊ ၃
 
ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ မတ်လ ၃၁ ရက်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု အပြီးမှာ နိုင်ငံရေးအကျဥ်းသား ခုနစ်ဦး အပါအဝင် အကျဥ်းသား ၁၈ ဦး ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ခြောက်လစီ ထပ်တိုးချမှတ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ဆီကသိရပါတယ်။
 
“အဲနေ့က ဖြစ်စဥ်မှာ အဓိပါဝင်တဲ့သူတွေလို့ သူတို့ ယူဆတဲ့လူတွေပါ၊ ၁၈ ယောက်စလုံးက တော်တော် ရိုက်ခံထားရတဲ့ လူတွေချည်းပဲ” လို့ PPNMတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNAကို ပြောပါတယ်။
 
သူတို့ ၁၈ ဦးကို ထောင်ပြေး ပုဒ်မ ၂၂၄ နဲ့ အခုလို ထောင်ဒဏ် ခြောက်လစီ ထပ်တိုးချမှတ်လိုက်တာဖြစ်ပြီး ၁၈ ဦးစလုံးကို တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
 
အခုလို ထပ်တိုး ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲပါတဲ့ နိုင်ငံရေးအကျဥ်းသားတွေကတော့ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုးနဲ့ ကိုသုတဇံတို့ ဖြစ်တယ်လို့ PPNM ကအသိ​ပေးထားပါတယ်။
 
ဖျာပုံထောင်မှာ မတ်လ ၃၁ ရက်၊ ညနေ ၅ နာရီလောက်က အကျဥ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ရဲနဲ့ စစ်တပ်က ထောင်ထဲဝင်ရောက်လာကာ ရိုက်နှက်ဖြိုခွင်းခဲ့တဲ့အပြင် သေနတ်ပစ်ဖောက်တာတွေပါ ရှိခဲ့တာပါ။
 
ဖျာပုံထောင်ထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ အသက် ၃၃ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသား ကိုနန်းလင်းအောင်ကို အကျဥ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က အကြောင်းပြချက်မပေးဘဲ ရိုက်နှက်တာကြောင့်ဖြေရှင်းပေးဖို့ တောင်းဆိုရာကနေ အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။
 
“အဲလိုရုန်းရင်းဆန်ခတ်ဖြစ်တာကို ထောင်ဖောက်ပြေးဖို့ လုပ်တယ်ဆိုပြီး စစ်တပ်နဲ့ ရဲကို ခေါ်ပြီး ရိုက်ခိုင်းတာ၊ စစ်သားတွေရော ရဲတွေရော အခုထိထောင်ထဲမှာပဲ ရှိနေသေးတယ်၊ အကျဥ်းသားတွေကိုခေါ်ပြီး ရိုက်စစ်နေတုန်းပဲ၊ တချို့ဆို တော်တော်အရိုက်ခံထားရလို့ လမ်တောင်ကောင်းကောင်းမလျှောက်နိုင်ဘူး” လို့လည်း ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
 
အဲဒီရုန်းရင်းဆန်ခတ်ဖြစ်ပြီးမှာတော့ နိုင်ငံရေးအကျဥ်း သားတွေအပါအဝင် ရိုက်နှက်ခံထားရတဲ့ အကျဥ်းသား ၈၀ ကျော်ရှိနေပြီး ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးဝါးကု သမှုလည်း မလုပ်ပေးဘူးလို့ PPNMက ဆိုပါတယ်။
 
လက်ရှိမှာတော့ ဖျာပုံအကျဥ်းထောင် အဝင်အထွက်ကို ပိတ်ထားပြီး ထောင်ဝင်စာ ပါဆယ်ပို့ခွင့်လည်း မရသေးဘူးလို့သိရပါတယ်။
 
အလားတူပဲ အရင်နှစ် ဇန်နဝါရီလအတွင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း အဓိကရုဏ်းမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ဦးကို အာဏာပိုင်တွေက ထောင်သုံးနှစ်စီ ထပ်တိုးချမှတ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Google