ဖမ်းဆီးခံထားရတဲ့ သံဖြူဇရပ်ဒေသခံ ခုနှစ်ဦး ပြန်မလွတ်သေး

မတ်၊ ၃၁
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ သံဖြူဇရပ်မြို့နယ် ဒေသခံ ခုနှစ်ဦး ပြန်လွတ်မလာသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
“ပြန်မလွတ်သေးတာက စစ်ဆေးနေတုန်းလို့ပဲ သိထားရတာ၊ အခုဆို ငါးရက်လောက်ရှိပြီး ဘယ်မှာ ရှိနေမှန်း လည်း မသိဘူး၊ စိုးရိမ်နေရတာ၊ အဆက်အသွယ်လဲမရနေဘူး” လို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် ကိုခန့်မင်းဟာ လူမှုကွန်ရက် Facebook စာမျက်နှာမှာ Page ထောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ရန်ပုံငွေအလှူခံပေးနေတာကြောင့် အခုလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီကနေတဆင့် ကိုခန့်မင်းရဲ့ ထွက်ဆိုချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လစဉ်ပုံမှန်အလှူငွေ ထည့်ပေးနေတဲ့ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှ ဒေသခံအမျိုးသားငါးဦးကို မတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ထပ်မံဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာ ကြံ့ခိုင်ရေးရပ်ကွက်မှ လူငယ်တဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
 
အခုဖမ်းဆီးခံထားရတဲ့သူတွေဟာ အသက် နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသားသုံးဦးနဲ့ အသက် လေးဆယ် ဝန်းကျင်အမျိုးသားလေးဦးတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးထားတဲ့သူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ သံဖြူဇရပ်မြို့မရဲစခန်းမှာ ကနဦးစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီး ဖြစ်တယ်လို့ မိသားစုဝင်တွေက သိရှိထားပေမဲ့ ဘယ်စစ်ကြောရေးကို ပို့ဆောင်လိုက်သလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
 
“လူငယ်တွေက PDFအတွက် ရန်ပုံငွေ လုပ်ကြတာပေါ့၊ အဲဒါရွာထဲက လူတချို့လည်း ပုံမှန်လစဉ် တသောင်း၊ ငါးထောင်ပုံမှန်ထောက်ပံ့ပေးနေတာပေါ့၊ အဲဒါတယောက်ကို ဖမ်းမိတော့ အကုန်လုံးပါသွားကြတာ” လို့ သံဖြူဇရပ်မြို့ခံတဦးက ပြောပါတယ်။
 
ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့တာ၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့ သာမန်အရပ်သားတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
 
လက်ရှိ ဖမ်းဆီးထားတဲ့သူတွေရဲ့ ထွက်ဆိုချက်အရ ပါဝင်ထောက်ပံ့မှုပြုလုပ်ပေးနေတဲ့ လူငယ်တွေ အများ အပြား ရှိနေသေးပြီး အဲဒီလူငယ်တွေကို စစ်တပ်က နာမည်စာရင်းနဲ့အတိအကျ လိုက်လံရှာဖွေနေကာ တချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အခုဖမ်းဆီးခံထားရတဲ့သူတွေထဲက တချို့ကို စစ်ကောင်စီဘက်က အမှုဖွင့်အရေးယူထားတာကို သိထားရပေမယ့် ဘယ်လိုဥပဒေပုဒ်မတွေနဲ့ အရေးယူထားသလဲဆိုတာနဲ့ ဥပဒေအရ ခုခံချေပခွင့်လည်း မရဘူးလို့ ဆိုပါတယ်။
 
“ဘာမှ မသိနေဘူး၊ ကြားတာက ရဲစခန်းကနေ သိရတာလောက်ပဲ၊ သူတို့ထဲက သုံးဦးကို အမှုဖွင့်လိုက်ပြီးတဲ့၊ ဥပဒေအကြောင်းအရ ဘာမှ လုပ်ခွင့်မရဘူး၊ စခန်းကို သွားမေးတော့လည်း အကြောင်းကြားမယ်တဲ့” လို့ အထက်ပါမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို DNAက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေ ကြားပေးခြင်းမရှိပါဘူး။
 
သံဖြူဇရပ်မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ အခုဖမ်းဆီးထားတဲ့သူတွေကို ဝဲကလိစစ်ကြောရေးမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တချို့ကို အကြမ်းဖက်ထောက်ပံ့တဲ့ ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
 
“စခန်းကနေ စစ်ကြောရေးကို သူတို့(စစ်တပ်)ကိုယ်တိုင်လာခေါ်တာ၊ သုံးယောက်ကို အမှုဖွင့်ထားတာ မှန်တယ် နောက်ဆက်တွဲက ကျွန်တော်တို့လည်း သိခွင့်မရတော့ သေချာမသိရဘူးပေါ့နော်” လို့ သူက ပြောပါတယ်။
 
သံဖြူဇရပ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပတ်သက်ဆက်နွယ်သူတွေ မကြာမကြာဖမ်းဆီးခံနေရကာ ပြီးခဲ့တဲ့နှစ်နိုဘာလကုန်ပိုင်းမှာလည်း အောင်ဇေယျတိုးချဲ့ရပ်ကွက်နေ ဦးမြသန်းကို ပစ္စတိုသေနတ်တလက်နဲ့ အတူ ဖမ်းဆီးခံရပြီးနောက် ဒေသခံငါးဆယ်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက DNA ကို ပြောဆိုထားပါတယ်။
 
အဲဒီထဲက ဦးမြသန်းနဲ့ ဦးမင်းတို့နှစ်ဦးဟာ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောရေးမှာ သေဆုံးသွားပြီး အများစုကိုတော့ အကြမ်းဖက်မှုပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း ချိန်ကနေ အခုနှစ် မတ်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ (၂၆၄၆၂)ဦးရှိပြီး အဲဒီထဲက ၂၀၂၉၀ ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈၈၈၀ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ကာလအတွင်း ဖမ်းဆီးခံထားရတဲ့သူ တ
ထောင်နီးပါးရှိပြီး အဲဒီထဲက အများစုက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media