ရွှေပြည်သာမှာ ပျောက်သွားတဲ့ ငါးနှစ်အရွယ်မိန်းကလေးကို တောင်းရမ်းသူတွေဆီက ပြန်တွေ့

မတ်၊ ၁၃

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာပန်းခြံမှာ ပျောက်ဆုံးသွားတဲ့ အသက်ငါးနှစ်အရွယ် မိန်းက လေးငယ်တဦးကို တရက် အကြာ ဒီကနေ့ မတ်လ ၁၃ ရက် မနက် ၁၀ နာရီလောက်က ဒညင်းကုန်း လမ်းဆုံမှာ တောင်းရမ်းစားသောက်နေတဲ့လူငယ်တွေဆီက ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင် တွေက DNAကို ပြောပါတယ်။

“မနက်က လိုက်ရှာတော့ ဒညင်းကုန်းလမ်းဆုံမှာ တောင်းစားနေတဲ့ ကလေးတယောက်နဲ့အတူ ပြန်တွေ့ တာ” လို့ ပျောက်ဆုံး သွားတဲ့ကလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ မိသားစုနဲ့အတူနေထိုင်တဲ့ အသက်ငါးနှစ်အရွယ် မနန္ဒာဝင်းပိုင်ဟာ အဖေဖြစ်သူ နဲ့အတူ ရွှေပြည်သာမြို့နယ် ရွှေပြည်သာပန်းခြံမှာဆော့ကစားရင်းကအဖေဖြစ်သူ အပြင်ခဏသွားချိန် မိနစ်ပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

မနန္ဒာဝင်းပိုင်ပျောက်ဆုံးသွားတဲ့နောက် အဲဒီအနီးတဝိုက်မှာရှိတဲ့ CCTV ကင်မရာတွေကနေ စုံစမ်းရာ ကအသက်ဆယ်နှစ်ကျော်အရွယ် မိန်းကလေးငယ်တဦးက လက်တွဲခေါ်သွားတာကိုတွေ့ရတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လူမှုကူညီအသင်း အဖွဲ့တွေအကူအညီနဲ့ ရှာဖွေခဲ့ပေမယ့် မနေ့က ညနက်အချိန်ထိ မတွေ့ဘူးလို့ မိသားစုကပြောပါတယ်။

ဒါပေမယ့် မနေ့ည ၁၂ နာရီလောက်ကတော့ ပျောက်နေတဲ့ကလေးငယ်ကိုတွေ့ထားပြီး ကျပ်ငါးသိန်း ပေးရင် ပြန်ပေးမယ့်အကြောင်းပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှုတခုကို မိသားစုက လက်ခံရရှိခဲ့ တယ်လို့ ဆိုပါတယ်။

“ဖုန်းဆက်တာက မိန်းကလေးရောယောကျာ်းလေးရော ပြောနေကြတာ၊ ကလေးက သူတို့(ဆီ)မှာတဲ့ ပိုက်ဆံငါးသိန်းပေးတဲ့၊ ပေးမယ်ပေါ့၊ ကလေးဓါတ်ပုံလေးပြပါလို့ ဓါတ်ပုံပို့ပေးပါလို့၊ ကလေးအိပ်နေ တာတဲ့ မရဘူး၊ အခုမလွှဲပေးရင် နယ်စပ်ကို ရောင်းစားလိုက်မယ်တဲ့ပြောပြီး ဖုန်းချလိုက်တာ” လို့ မနန္ဒာဝင်းပိုင်ရဲ့ မိခင်ကပြောပါတယ်။

ဒီလို နှစ်ဖက်ညှိနှိုင်းမှုအဆင်မပြေတာကြောင့် အဆက်အသွယ်ပြန်ပြတ်သွားခဲ့ပြီး ဖုန်းနံပါတ်အတိုင်း ဒီကနေ့ မနက်မှာထပ်ပြီးရှာဖွေရာက မနန္ဒာဝင်းကို ဒညင်းကုန်းလမ်းဆုံမှာ တောင်းရမ်းစားသောက်သူ တွေနဲ့အတူ ပြန်တွေ့ခဲ့တာလို့ သိရပါတယ်။

ကလေးငယ်ကို အန္တရာယ်ကင်းကင်းနဲ့ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိဘဲ ပြန်တွေ့ခဲ့တာကြောင့် ခေါ်သွား သူတွေကိုတော့ ဥပဒေအရ အရေးယူဖို့ တိုင်ကြားထားတာမျိုး မရှိသေးဘူးလို့မိသားစုဘက်က ပြောပါ တယ်။

“တွေ့တာနဲ့ ဒီတိုင်းခေါ်လာတယ်၊ ဟိုကလေးကိုလည်း ဘာမှ ဆက်မမေးဖြစ်ဘူး၊ ပြန်လာတာပဲ၊ ဘာမှ မလုပ် တော့ဘူး၊ အမှုဖွင့်ထားတာ မရှိသေးဘူး”လို့ မနန္ဒာဝင်းရဲ့မိခင်ကပြောပါတယ်။

ဒါပေမယ့်အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့တခုက လူမှုကွန်ရက်မှာဖော်ပြခဲ့အပြီး လူမှု ကွန်ရက်သုံးစွဲသူတွေက ဒီဖြစ်စဉ်ကို တိတိကျကျ စုံစမ်းဖော်ထုတ်အရေးယူသင့်တယ်လို့  မှတ်ချက်ပြု ကြပါတယ်။

မိသားစုဘက်ကတော့ “ကလေးကိုခိုင်းစားချင်လို့နေမှာပေါ့ ”လို့ ကလေးကိုခေါ်သွားတာနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းပြီးနောက်နိုင်ငံအနှံ့ဒေသတချို့မှာ ကလေးတွေအပြင် အရွယ်ရောက်ပြီးသူတွေပါ မိသား စုနဲ့ အဆက်အအသွယ်ပြတ်ပျောက်ဆုံးတာတွေ မကြာမကြာဖြစ်နေပြီး အဲ့ဒီအထဲကတချို့ကိုတော့ သေ ဆုံးပြီးမှပြန်တွေ့ရတာမျိုးတွေလည်းရှိနေပါတယ်။