ဖေဖော်ဝါရီ၊ ၁၂
ပဲခူးတိုင်းသာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ဒုတပ်ကြပ်တဦး အရှင်ဖမ်းမိသလို PDF ရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီခြေမြန်တပ်ရင်း ခလရ (၁) နဲ့ ပန်းတောင်မြို့နယ်အခြေစိုက် ဆင်တဲကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၃) မှ စစ်ကောင်စီအင်အား ၅၀ လောက်အထိုင်ချထားတဲ့ ပဲခူးရိုးမအတွင်း မင်းလှဆည်ပေါ်မှာရှိတဲ့ တာဝါတိုင်စခန်းနဲ့ ရှင်းလင်းဆောင်စခန်းတို့ကို မနေ့က မနက် ၇ နာရီမှာ ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့ ခွဲပြီး သွားရောက်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
“ မနေ့က မနက်က ဖြစ်တာ။ တပြိုင်တည်းဝင်တိုက်တာ စခန်းနှစ်ခုကို တိုက်တာ၊ တကယ့်တောနက်ထဲမှာဖြစ်တာ။ ဒုတပ်ကြပ်တဦး အရှင်တဦးဖမ်းမိတယ်။ သူပစ်လို့ ရဲဘော်တယောက်ကျသွားတယ်“ လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
တိုက်ပွဲအတွင်း ဧရာစစ်ကြောင်းမှ အသက် ၂၀ အရွယ် ရဲဘော်တောင်တန်း ကျဆုံးခဲ့သလို တာဝိုင်တိုင်စခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး၊ ရှင်းလင်းဆောင်စခန်းမှ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ကာ ကပစ (၃) မှ ဒုတပ်ကြပ်တဦးကို MA 3 သေနတ်တလက်နဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
“ရဲဘော်တောင်တန်းက ၂၀၂၃ မှ ရောက်ပေမယ့် တကယ်ကို အားလည်းကိုးရတယ် စည်းကမ်းလည်းရှိတဲ့ ရဲဘော်ပဲ။ တကယ်နှမျှောစရာကောင်းတယ်” လို့ ဧရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
စစ်ကောင်စီတပ်သားအ လောင်းတွေအထဲ အမျိုးသမီးတဦးလည်း ပါတယ်လို့ သိရပြီး စစ်ကောင်စီတပ်သား သေဆုံးမှုတွေကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)နဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁) ဧရာစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများတာကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းကို အပိုင်သိမ်းနိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။။
ဒါ့အပြင် စစ်ကောင်စီတပ် ကပစ (၃) မှ ကိုယ်ပိုင်အမှတ် (တ/၂၈၈၁၉၃ ) အသက် ၅၀ အရွယ် ဒုတပ်ကြပ် ဇင်အောင် အားဖမ်းမိခဲ့ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တာကြောင့် စစ်သုံ့ပန်ဥပဒေအရ ကောင်းမွန်စွာ စောင့်ရှောက်ထားပေမယ့် ဒီမနက် ၆ နာရီခန့်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပဲခူးရိုးမအတွင်း စစ်ကောင်စီ အင်အား ၆၀ ကျော် စစ်ကူရောက်နေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၉ ရက်မနက် အစောပိုင်းမှာလည်း အုတ်ဖိုမြို့အဝင်လမ်းနဲ့ ရန်ကုန်-ပြည်လမ်း တာဆုံမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးကို Hero ပြောက်ကျားတပ်မှ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံး ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – တပ်ရင်း ၃၈၀၂