စပိန်မှာ ရိုလာကိုစတာပေါ် သစ်ပင်လဲကျပြီး လူဒါဇင်နဲ့ချီ ဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၁၂

စပိန်နိုင်ငံမှာ ကလေးတွေစီးဖို့ တည်ဆောက်ထားတဲ့ ရိုလာကိုစတာပေါ် သစ်ပင်လဲကျရာက လူပေါင်း တဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကာတာလူညာ ဒေသမှာ ရှိနေတဲ့ အပန်းဖြေ ကစားကွင်း တခုက ရိုလာကိုစတာပေါ်ကို သစ်ပင် လဲကျခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့တဲ့ထဲမှာ ၂ ဦးရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ ဆိုပါတယ်။

လေပြင်း တိုက်ခတ်မှုတွေကြောင့် သစ်ပင် လဲကျရာက PortAventura World အပန်းဖြေ ဥယျာဉ်မှာ ဖွင့်လှစ်ထားပြီးTomahawkလို့ နာမည်ပေးထားတဲ့ ရိုလာကိုစတာပေါ် ပိမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

 ဖြစ်စဉ်အပြီး အပန်းဖြေ ဥယျာဉ်ကို ယာယီ ပိတ်ခဲ့ရပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ အမြန်ဆုံး တင်ပို့ပေးခဲ့ရပါတယ်။ ထိခိုက်သူတွေ စာရင်းမှာ ကလေးတွေ ဘယ်နှယောက် ပါသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အခင်းဖြစ်ပွားရာ အပန်းဖြေ ကစားကွင်းဟာ ဘာစီလိုနာမြို့နဲ့ မနီးမဝေးမှာ တည်ရှိပြီး စပိန်ရဲ့ လူအစည်ကားဆုံး ကစားကွင်းတခုလည်း ဖြစ်ပါတယ်။

အခုကိစ္စအပြီး စုံစမ်းစစ်ဆေးမှု ကဏ္ဍတွေမှာ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း PortAventura Worldက ထုတ်ပြန်ထားပါတယ်။

 

Ref: CNN