ရှမ်းမြောက်မှာ ကမ်းပြိုပြီးကရင်ပြည်နယ်မှာ သောင်ထွန်းလာတဲ့ ကျားဖြန့်လုပ်ငန်းများ

ဖေဖော်ဝါရီ ၊ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ထိန်းမနိုင်သိမ်းမရ ကြီးထွားခဲ့တဲ့ ကျားဖြန့်ခေါ် အွန် လိုင်းလိမ်လည်မှုလုပ်ငန်းတွေဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိဂုံးချုပ်လုနီးနီးအခြေအနေဖြစ်သွားပါတယ်။

အထူးသဖြင့် ကိုးကန့်ဒေသကို ဆယ်စုနှစ်တခုကျော်ကြာ ချုပ်ကိုင်ခဲ့တဲ့ ပယ်စောက်ချိန်အပါအဝင်သူ့ရဲ့ အင်အားစု တွေဖြိုခွဲခံခဲ့ရအပြီးမှာ အဲ့ဒီဒေသကို အဓိကအမီပြုခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဇာတ်သိမ်းခဲ့ပြီလို့ ပြောနိုင်တဲ့အခြေ အနေဖြစ်ပါတယ်။

ဒါပေမယ့် ဒါဟာ မြန်မာနိုင်ငံထဲမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေအားလုံး အဆုံးသတ်သွားပြီ ဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်သေးပါဘူး။ရှမ်းမြောက်မှာ မရှိတော့ပေမယ့် ဒီလုပ်ငန်းတွေဟာမြို့ကြီးတချို့မှာ ဆက် ရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီအထဲကမှ လူသိများ၊လူပြောများသလို အရေးယူဖို့ ပြင်ဆင်မှုတွေရှိနေတဲ့ကြားကကျားဖြန့်လုပ်ငန်းတွေ ဆက် ပြီး ရှင်သန်ကြီးထွားရာရေသောက်မြစ်ဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်လာပါတယ်။

ရှမ်းမြောက်တခွင်နဲ့ လောက်ကိုင်မှာ အခြေအနေတွေစတင်ရှုပ်ထွေးလာကတည်းက အဲ့ဒီလုပ်ငန်းတွေဟာ အရင် ကတည်းကလည်း အခြေချထားပြီးဖြစ်တဲ့ ကရင် ပြည်နယ် မြဝတီမြို့တခွင်ကို အလုံးအရင်းရွှေ့ပြောင်း ဝင်ရောက် လာကြတယ်လို့ ကရင်နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတွေ ကျားဖြန့်လုပ်ငန်းနဲ့နီးစပ်သူတွေကပြောပါတယ်။

“ဒီဘက်မှာ သူတို့ထပ်ဆောက်နေတဲ့ အဆောက်အဦတွေက အများကြီးပဲ၊ အဲဒီ(လောက်ကိုင်)ဘက်က အဆင်မ ပြေတော့ ဒီဘက်ကို တုံးတိုက်တိုက်ကျားကိုက်ကိုက် လာလုပ်ကြတယ်” လို့ မြဝတီမြို့ ရွှေကုက္ကိုလ်က ကျားဖြန့် လုပ်ငန်းမှာ အလုပ်လုပ်နေသူတဦးက DNA ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသ ရွှေကုက္ကိုလ်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်း ကုမ္ပဏီတချို့ထပ်တိုး ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ပေါ်ပေါ်တင်တင်ပြင်ဆင်နေကြတယ်ဆိုတာကိုအတည်ပြုနိုင်ပေမဲ့ အရေအတွက်ဘယ်လောက် အထိ တိုးလာမယ်ဆိုတာကိုတော့ တိတိကျကျမသိနိုင်သေးပါဘူး။

မြဝတီမြို့နယ်ထဲက တရားမဝင်လောင်းကစားလုပ်ငန်းတွေကို နှိမ်နင်းဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ် ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေက နယ်တွေဘက်သာမက မြို့ပေါ်ရပ်ကွက်တွေမှာ လောင်း က စားလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာတယ်လို့ မြဝတီမြို့ခံ တဦးက ပြောပါတယ်။

“အခုဆို မြို့ထဲမှာ ဆိုင်တွေ အများကြီးဖြစ်လာတယ်၊ တချို့ကျ အိမ်မှာ ဖွင့်ထားတာပေါ့၊ အဲဒါကို သွားထိ လို့မရ ဘူး၊ BGF တွေက အကာအကွယ်ပေးထားတာ၊ တလောက ဖမ်းဆီးမယ်ဆို သတင်းထွက်သေးတာလေ၊ ခုပိုတောင် များလာတယ်၊ မြို့ပေါ်ရပ်ကွက်မှာဆို တော်တော်များများ တွေ့လာရတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် မြဝတီမြို့နယ်အတွင်းက တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ အလုပ် သမားအသစ်တွေလည်း နေ့စဉ်ခေါ်ယူနေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့နယ်တခွင်မှာ ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်း လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီး ငယ်ပေါင်း သုံးရာနီးပါးရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီဒေသတွေမှာ လုပ်ငန်းပိုမိုချဲ့ထွင်  လုပ်ကိုင် လာကြတယ်လို့ ဒေသတွေ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပြောဆိုထားပါတယ်။

ဒီလိုမျိုးအွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်းများပြားလာတာနဲ့အတူ အလုပ်အလုပ်ကိုင်ဖို့ အလုပ်သမား လို  အပ်ချက်တွေ ရှိလာတဲ့အတွက် နိုင်ငံတွင်းက လူငယ်လူရွယ်အမျိုးသမီးတွေနဲ့ နိုင်ငံရပ်ခြားသူတွေကို ပစ်မှတ်ထား လိမ်ယူခေါ်ယူမှုတွေ များလာတာတယ်လို့ ဆိုပါတယ်။

“အိမ်နီးချင်းနိုင်ငံဘက်ကဆို ထိုင်း၊ တရုတ်၊ မလေးရှား ပစ်မှတ်ခံရတာများတယ်၊ ကိုယ့်နိုင်ငံက လူငယ်တွေပါ ပါတယ်၊ ကုမ္ပဏီဘက်က ပိုခေါ်လာတယ်၊ အခုလို အဖမ်းအဆီးများ နိုင်ငံတကာက အာရုံစိုက်နေတဲ့ အချိန်ကျ  တော့ လူခေါ်ရတာ ခက်ခဲတယ်” လို့ အလုပ်အကိုင်ရှာဖွေပေးသူတဦးက ပြောပါတယ်။

တဖက်မှာတော့တရုတ်နယ်စပ် လောက်ကိုင်မှာ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ညီ နောင်မဟာမိတ် သုံးဖွဲ့ကရော စစ်ကောင်စီကပါ ဖြိုခွင်းမှု လုပ်နေကြချိန် ထိုင်း-မြန်မာနယ်စပ်မှာလည်း အလားတူ အရေးယူမှုတွေ လုပ်ဖို့ ထိုင်းနိုင်ငံက မြန်မာဘက်ကို တောင်းဆိုတိုက်တွန်းမှုတွေရှိနေပါတယ်။

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းပေးဖို့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန် ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး Jakkapong Janpengpen ဦးဆောင်အဖွဲ့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနှောင်းပိုင်းက နေပြည်တော်ကိုလာရောက်ချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလ ၁၁ ရက်ကလည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Songwit Noonpackdee တို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်စပ် မြဝတီမြို့အနီး အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုကိစ္စ ပူးပေါင်း တိုက်ဖျက်သွားမယ့်အခြေအနေအပါအဝင် နယ်စပ်ကုန်သွယ်မှု၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊တရားဥပဒေစိုးမိုး ရေး နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စတွေကို အဓိထားဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာရော ထိုင်းနယ်စပ်မှာပါ အခြေချလှုပ်ရှားတဲ့ အဲ့ဒီဂိုဏ်း တွေကို အရေးယူဖြိုခွဲဖို့ တရုတ်က တွန်းအားပေးထားတာ ကြာပါပြီ။

မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်က တွန်းအားပေးမှု ထင်သလောက်ခရီးမပေါက်ခဲ့တဲ့နောက် ကျားဖြန့် ဂိုဏ်း တွေကိုတိုက်ဖျက်ရေးဆိုတဲ့ ကြွေးကြော်သံပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာတာဖြစ်ပါတယ်။ ရလဒ်အ နေနဲ့ စစ်ကောင်စီဟာအရှက်တကွဲစစ်ရှုံးပြီး ရှမ်းမြောက်ဒေသအများစုကို လက်လွှတ်ခဲ့ရပါတယ်။

အခုမြန်မာပြည်တောင်ပိုင်းနယ်စပ်ဒေသကျားဖြန့်လုပ်ငန်းတွေအရေးမှာတော့ ထိုင်းနိုင်ငံဘက်က လက်တွေ့အ ရေးယူမှုတွေ စတင်လုပ်ကိုင်နေပါတယ်။

လတ်တလောမှာ ထိုင်း-မြန်မာနှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူ ဦးကျော်လွင်(ခ)မစ္စတာ ဆန်ဂါ အပါအဝင် ဆက်နွယ်သူ ၁၈ဦးကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားပါတယ်။

ရှမ်းမြောက်မှာ တရုတ်ဘက်က ဝရမ်းထုတ်လိုက်သူတွေကို လိုက်ထုတ်ပေးခဲ့ရသလိုပဲ အခုတကြိမ်မှာလည်း စစ် ကောင်စီကပါ ဦးကျော်လွင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

မြန်မာဘက်မှာ တနင်္သာရီတိုင်းက သူဌေးကျွန်းပိုင်ရှင်အဖြစ်လူသိများတဲ့ ဦးကျော်လွင်ဟာ ထိုင်းနိုင်ငံဘက်မှာ လည်းရနောင်းမြို့က လူသိများ လုပ်ငန်းရှင်တဦးပါ။ထိုင်းအစိုးရကတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေသိမ်းဆည်းမှု တွေလုပ်ထားပါတယ်။

ဒီလိုလက်တွေ့ အရေးယူမှုတွေ စပြီး လုပ်ကိုင်လာတာကြောင့် တရားမဝင်လုပ်ငန်းတွေအတွက် လွတ်မြောက် နယ်မြေဖြစ်နေတဲ့ နှစ်နိုင်ငံနယ်စပ်က ရွှေကုက္ကိုလ်မြို့သစ်ဟာလည်း လောက်ကိုင်လိုတူညီတဲ့ ကြမ္မာနဲ့ ရင်ဆိုင်ရ တော့မလားဆိုပြီး သုံးသပ်ကြတာတွေရှိလာပါတယ်။

လက်ရှိရွှေကုက္ကိုလ်မြို့သစ်ကို ကရင် BGF ခေါင်းဆောင် စောချစ်သူက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စောချစ်သူ ဟာ စစ်ကောင်စီလက်အောက်ခံ BGF အဖြစ်ကနေ သီးခြားခွဲထွက်ရပ်တည်တော့မယ်လို့ မကြာသေးခင်ကမှ ထုတ်ပြောထားတာပါ။

ဆယ်စုနှစ်တခုလောက် စစ်အုပ်စုနဲ့လက်တွဲခဲ့တဲ့ စောချစ်သူတယောက် အခုလို ထုတ်ပြောလာတာဟာ နယ်စပ် ဒေသ ကျားဖြန့်လုပ်ငန်းတွေအရေးနဲ့ ပတ်သက်ဆက်နွယ်နေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စောချစ်သူကိုယ်တိုင်ကတော့ ကရင်အချင်းချင်းမတိုက်ခိုက်ချင်တော့လို့ ခွဲထွက်တာလို့ ဆိုထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီမြို့အနီးပတ်ဝန်းကျင်အပါအဝင် မြောက်ဘက်မှာ ရှိတဲ့ ဗိုလ်မှူးချုပ်စောချစ်သူ ထိန်းချုပ်ထားတဲ့ ဧကသုံးသောင်းနီးပါး အကျယ်အဝန်းရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်နဲ့ မြဝတီ မြို့တောင်ဘက် မယ်ထော်သလေးကျေးရွာ KK Park မြို့သစ်စီမံကိန်းတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး အွန် လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့နေရာအဖြစ် လူသိများပါတယ်။

ဒါ့အပြင် မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက် ကျေး ရွာဘက်မှာလည်း အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတယ်လို့ ဆိုပါ တယ်။

“ဒီနှစ်နေရာက လူခေါ်တာရရင် ပိုက်ဆံလည်း အရများတယ်၊ ကျန်တဲ့နေရာက (ရာခိုင်နှုန်း)လေးဆယ်ရရင် ဒီနေ ရာက ခြောက်ဆယ်ကျော်လောက်ရတယ်” လို့ အဲ့ဒီလုပ်ငန်းတွေအတွက် အလုပ်သမားရှာဖွေပေးသူက ပြောပါ တယ်။

လက်ရှိ  မြဝတီမြို့နယ်အတွင်းက ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေ ကြတဲ့သူတွေ ညှင်းပမ်းနှိက်စက်ခံနေရသူတွေရှိနေဆဲဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။

တချို့အလုပ်သမားတွေဆို သတ်မှတ် စာချုပ်ပြည့်လို့ နေရပ်ရင်တောင် ပြန်ခွင့်မပေးဘဲ ပိတ်လှောင်ခံရကာ အ တင်းအကြပ်ဖိအားပေးအလုပ်စေခိုင်းခံနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့သူတွေ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လိမ်လည်ရမယ့် လူဦး ရေမပြည့်ရင် မတရားညှင်းပမ်းနှိက်စက်ခံရတာတွေ ရှိနေသလို အဆိုးယုတ်ဆုံး သားမယားပြုကျင့်ခံရတဲ့အထိ ဆိုး ဝါးစွာကြုံတွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကုက္ကိုလ်မှာ အလုပ်လုပ်နေသူတဦးက DNA ကို ပြောပါတယ်။

“ဒီမှာ ဒီလိုရှိတာ ဒီလိုညှင်းပမ်းနှိပ်စက်ခံရတာ သူများပြောတာ မယုံဘူး၊ ကိုယ်တိုင်ကြုံရမှ လက်ခံလာတာပေါ့၊ ပြန်ပြောလို့လည်း မရဘူးလေ၊ ခံရတာပေါ့၊ကိုယ့်မြန်မာတွေမှ မဟုတ်ဘူး၊ တခြားနိုင်ငံသားတွေလည်း အများ ကြီးပဲ” လို့ သူကပြောပါတယ်။

ဒါ့အပြင်စည်းကမ်းတခုခုကို ချိုးဖောက်မိရင် ထမင်းမကျွေးတာ၊ လစာမပေးတာ၊ လျှော့ချတာ၊ ရိုက်နှိက်တာ၊ ပိတ်လှောင်ခံထားရတာ၊  ဖုန်းအသုံးပြုခွင့်မပေးတာတို့အပြင် မိသားစုနဲ့ အဆက်အသွယ်လုပ်ခွင့်မပေးတာတွေ လည်းရှိနေတယ်လို့ ဆိုပါတယ်။

တရားမဝင်အွန်လိုင်းလောင်းကစားဝိုင်းမှာ အလုပ်လုပ်နေတဲ့သူတွေဟာ နေရာ၊ရာထူးနဲ့လုပ်ကိုင်နိုင်မှု အပေါ်မူ တည် ကာ အနည်းဆုံး ထိုင်းဘတ် ၈၀၀၀ ကနေ အများဆုံး နှစ်သောင်းဝန်ကျင်အထိ လုပ်ခလစာရကြတယ်လို့ စုံစမ်းသိရှိရပါ တယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး၊ လောင်းကစားလုပ်ငန်းတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းတွေကြောင့် လူတွေရဲ့ နေ့စဉ်ဘဝလုံခြုံမှုမရှိတော့သလို အကြမ်းဖက်မှု လူ့အခွင့်အရေးချိုးဖောက်မှု လူကုန်ကူးမှုတွေ ဆက်ပြီး ကျူးလွန်နေကြတယ်လို့ ပြောပါတယ်။

“အင်မတန်မှ စိုးရိမ်စရာကောင်းတယ်၊ လူတွေရဲ့ နေ့စဉ်ဘဝက လုံခြုံမှု မရှိတော့ဘူး၊ အကြမ်းဖက်မှုတွေ လူ့အခွင့် အရေးချိုးဖောက်မှုတွေ လူကုန်ကူးမှုတွေ ဆက်ပြီး ဖြစ်ပွားနေတယ်”လို့ ကရင်လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတ ဦးဖြစ်တဲ့ စောနန္ဒဆူးက ပြောပါတယ်။

မြဝတီတခွင် ကျားဖြန့်လို့ခေါ်တဲ့ တရားမဝင်အွန်လိုင်းလောင်းကစားဝိုင်းလုပ်ငန်းတွေကို စစ်ကောင်စီ လက် အောက်ခံတိုင်းမှူးအဆင့်တွေ၊ ကရင်နယ်ခြားစောင့်တပ် BGF စောချစ်သူတို့နဲ့အတူ တရုတ်နိုင်ငံသားအများစု ပိုင်ဆိုင်ကြတယ်လို့ အဲ့ဒီလုပ်ငန်းတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

တဖက်မှာလည်း အဲဒီလုပ်ငန်းတွေမှာ ကရင်အမျိုးသားအစည်းအရုံးထိပ်ပိုင်းခေါင်းဆောင်တချို့လည်း ပါဝင် ပတ်သက်မှုရှိနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ စီမံကိန်းတွေမှာ ပတ်သက်မှုရှိနေတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တချို့ကို အရေးယူဖို့ ပျက်ကွက်နေတဲ့ ဗဟိုအလုပ်အမှုဆောင်တွေ နှုတ်ထွက်ပေးဖို့ ကမ္ဘာတဝှမ်းက ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ အိတ်ဖွင့်စာ ပေးပို့‌တောင်း ဆိုခဲ့ဖူးပါတယ်။

KNU ဘက်ကလည်း အဲဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပတ် သက်မှုရှိရင် ဥပဒေနဲ့အညီအရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် ဒီကနေ့အထိတော့ အရေးယူမှုတွေ လုပ် တာမတွေ့ရပါဘူး။

ဒါ့အပြင် KNU အနေနဲ့ အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိသလို တရုတ်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ ပူးပေါင်းတိုက် ဖျက်မယ်လို့လည်း KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောဆိုထားပါတယ်။

အလားတူ စစ်ကောင်စီကလည်း ထိုင်း-မြန်မာနယ်စပ်ဒေသက တရားမဝင်လုပ်ငန်းတွေနဲ့ပတ်သက်လို့ KNU ကိုစွပ်စွဲပြစ်တင်ထားပြီး ထိုင်းအစိုးရနဲ့ ပူးပေါင်းနှိမ်နင်းမယ်လို့ဆိုပြန်ပါတယ်။

စစ်ကောင်စီကအဲ့ဒီလိုကြွေးကြော်ထားပေမယ့် လက်တွေ့မှာ သူ့ရဲ့လက်အောက်ခံ BGF ခေါင်းဆောင်တွေ၊စစ်တပ် အရာရှိကြီးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ပါ ပါဝင်ပတ်သက်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က လောင်းကစားမှုတွေနဲ့ ငွေလိမ်ဂိုဏ်းတွေအရေးဖြေရှင်းဖို့ စစ်ကောင်စီအနေနဲ့ အကျပ်ရိုက်မယ့်အခြေအနေလို့ လေ့ လာသူတချို့ကသုံးသပ်ကြပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို လက်တွေ့နှိမ်နင်းမယ်ဆိုရင် စစ်ကောင်စီဟာ BGF နဲ့ပါထိပ်တိုက်ပြန်တွေ့ရဖို့ရှိနေပြီး ရန်သူထပ်တိုးသွားနိုင်တဲ့အလားအလာတွေပါရှိနေတာကြောင့် အင်အားချိနဲ့နေတဲ့ လက်ရှိကာလမှာ စစ် ကောင်စီကို ပိုပြီးအခက်တိုးသွားစေမယ့် အခြေအနေလို့ သူတို့ကပြောကြပါတယ်။

“တကယ်တမ်းကျတော့ စစ်ကောင်စီအနေနဲ့ လုပ်ဖို့အတော်အကျပ်အတည်းရှိတယ်၊ ဘာကြောင့်လဲဆိုတော့ နယ် ခြားစောင့်တပ်ဖွဲ့တွေကို ဘဏ္ဍာရေးထောက်ပံ့နေတာမဟုတ်ပါဘူး၊သူတို့ဘာသာသူတို့ လောင်းကစားဒိုင် တွေ ထောင်ပြီးတော့ ရပ်တည်နေတာ ဖြစ်တဲ့အတွက် ဒါတွေကို တားဆီးဖို့ သူ့အနေနဲ့ ခက်ပါတယ်” လို့ နိုင်ငံရေးစစ် ရေးလေ့လာသူ ဦးသန်းစိုးနိုင်ကထောက်ပြပါတယ်။

ကျားဖြန့် လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ဒေသခံတွေနဲ့ အဲ့ဒီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေဆီမှာလည်း ဦးသန်း စိုးနိုင်လိုပဲ တူညီတဲ့ရှုမြင်မှုမျိုးတွေရှိနေကြပါတယ်။

“အပြင်မှာ ဘယ်လိုသတင်းတွေပဲ ထွက်နေပါစေ၊ ကြားနေရပါစေ၊အထဲမှာအေးဆေးပဲ၊ဆက်လုပ်စရာရှိတာ လုပ် နေတာ၊ ကုမ္ပဏီသစ်တွေတောင် ဝင်နေပြီပဲ၊ လူသစ်တွေတောင် ဒီလောက်ခေါ်နေတာ အားလုံးသိတာပဲ၊ သူတို့ လုပ်ငန်းကို စွန့်လွှတ်ဖို့ အလားအလာမတွေ့သေးဘူး” လို့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင် နေသူတဦးက ပြောပါတယ်။