အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ကျဉ်းတွေရဲ့တောင်းဆိုချက်ကို ကျိုက်မရောထောင်အာဏာပိုင်တွေလိုက်လျော

ဖေဖော်ဝါရီ၊ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရိုက်နှိက်တိုက်ပိတ်ထား တဲ့ အတွက် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော် အဆာငတ်ခံ ဆန္ဒပြနေရာ ထောင်အာဏာပိုင်တွေက တောင်း ဆို ချက်တွေ လိုက်လျောပေးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

“ကနဦး ညှိနှိုင်းမှုတွေလုပ်ပြီး သဘောတူညီမှုတွေ ရရှိထားတယ်လို့ သိထားရတယ်” လို့ PPNMက တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားနှစ်ဦးဆီမှာ လက်ကိုင်ဖုန်း တွေ့တယ်လို့ဆိုပြီးထောင်အာဏာပိုင်တွေက တိုက်ပိတ်ထား တာကြောင့် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးက ဖေဖော်ဝါရီလ ၆ ရက်က စလို့ အစာငတ်ခံဆန္ဒပြပြီး တောင်းဆိုမှုတွေလုပ်ခဲ့ကြတာပါ။ 

ဒါ့အပြင် နောက်ရက်တွေမှာ တခြားနိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးကလည်း ဝန်းရံထောက်ခံတဲ့အနေနဲ့ အကျဉ်း ထောင်ကပေးတဲ့ အစားအသောက်တွေကို စားသောက်သုံးစွဲခြင်းမပြုဘဲ တောင်းဆိုမှုမှာ ပူးပေါင်းပါဝင် ခဲ့ကြ တယ်လို့ သိရပါတယ်။

အဲဒီလို ဆန္ဒပြတောင်းဆိုမှု ငါးရက်အကြာမှာ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသားတွေ တောင်းဆိုတဲ့ အချက်တွေကို လိုက်လျာပေးခဲ့တာပါ။

ဒါပေမယ့် ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတွေကို အရေးမှုရှိ မရှိဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမယ်လို့ ကိုသိုက်ထွန်းဦးကဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်းကလည်းစစ်ကိုင်းတိုင်း မုံရွာမြို့အကျဉ်း ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြခဲ့ကြပြီးနောက်တောင်းဆိုချက်ကိုထောင်အာဏာပိုင်တွေ ကလိုက်လျောခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို အရေးယူမှုတွေလုပ်ခဲ့ပါတယ်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့က ဖုန်းအသုံးပြုကာ ပြင်ပအဖွဲ့အစည်းတွေနဲ့ အ ချိတ်အဆက်ရယူပြောဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီလ ၂၈ ရက်မှာ နေပြည်တော်ကလာတဲ့ စစ် ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကျဉ်းထောင်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာဖွေမှုတွေလုပ်  ခဲ့တယ် လို့သိရပါတယ်။

ရှာဖွေမှု ပြုလုပ်တဲ့အချိန်မှာ ပစ္စည်းတစုံတရာမတွေ့ပေမယ့် တပတ်အကြာ ဖေဖော်ဝါရီလ ၄ ရက်မှာတော့အ ကျဉ်းထောင်ထဲမှာ ဖုန်းတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ညပိုင်းမှာ သီးခြား တိုက်ပိတ်ကာညှင်းပမ်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပက်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေက အကျဉ်းသားတွေကို ခေါ်ယူထိန်းသိမ်း၊၊စုံစမ်းမေးမြန်း ချိန်နဲ့ အပြစ်ပေးအရေးယူမှုတွေဆောင်ရွက်ရာမှာ တရားလက်လွန်မှုတွေမကျူးလွန်ဖို့၊ လူ့အခွင့်အရေးနဲ့ အညီ ဆောင်ရွက်ပေးဖို့နဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးရေး၊ စစ်ဆေးပြီးပါက မူလနေထိုင်ရာအဆောင်သို့ ပြန်ပို့ ပေးရေးအပါအဝင် အကျဉ်းသားတွေကို ထောင်ဖွင့်ချိန်မှာသာ ခေါ်ယူစစ်ဆေးမေးမြန်းကြဖို့ အစရှိတဲ့အချက် တွေကို အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာဆိုရင် အကျဉ်းသားခြောက်ရာနီးပါးရှိနိုင်ပြီး အဲဒီထဲက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတွေ ဆီက သိရပါတယ်။