သုံးနှစ်ပြည့် တော်လှန်ရေးခရီး၊ အားလျော့လာပေမယ့် မိုက်တွင်းဆက်နေဦးမယ့် မြန်မာစစ်တပ်

ဖေဖော်ဝါရီ ၊ ၁

ဖေဖော်ဝါရီ ၁ ရက်၊ ဒီနေ့မှာ ဒီမိုကရေစီ ကျင့်ထုံးတွေနဲ့အညီ လူထုဆန္ဒအရ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အဓမ္မ အာဏာသိမ်း ဖြုတ်ချခဲ့တာ ၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။ အာဏာသိမ်းမှုနဲ့အတူ လူဦးရေ ၅၄ သန်း မှီတင်းနေထိုင်တဲ့ နိုင်ငံမှာ အပိုင်းအခြားလိုက် ဖြစ်ပွားတဲ့ သွေးချောင်းစီး ပြည်တွင်းစစ်ကြီးကိုပါ မီးမွှေးလိုက်ပါတော့တယ်။

လက်နက်ကိုင် တော်လှန်ရေး အင်အားစု တချို့က အာဏာသိမ်း စစ်ကောင်စီကို အရှိုက်ထိုးဖို့ ‘အော်ပရေးရှင်း ၁၀၂၇’ကို အစပျိုး ဆင်နွှဲခဲ့တာကတော့ သုံးလကျော်ရုံလောက်ပဲ ရှိပါသေးတယ်။ အဲဒီ စစ်ဆင်ရေးကြီးကပဲ စစ်တပ်ကို မကြုံစဖူး အထိနာတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်စေခဲ့ပြီး ခုခံစစ်ပွဲရဲ့ အခြေအနေတွေအတွက် အလှည့်အပြောင်းတွေ ကြုံလာစေပါတယ်။

“သုံးနှစ်အကြာမှာ ဘယ်အဆင့်ကို ရောက်လာပြီလဲ ဆိုတာကို ပြောဖို့ဆိုရင် အော်ပရေးရှင်း ၁၀၂၇ ရဲ့ သုံးလကျော် ကာလအပြီး ဘယ်အဆင့်ကို ရောက်လာမလဲ ဆိုတာကို ပြောတာက ပိုမှန်လိမ့်မယ်”လို့ နိုင်ငံတကာ ပဋိပက္ခရေးရာအဖွဲ့ (ICG)ရဲ့ မြန်မာ့အရေး အကြီးတန်း အကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟော်ဆေးက VoA သတင်းဌာနကို ပြောခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးရဲ့ ရလဒ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဟာ တရုတ်နဲ့ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ်ထဲက မြို့တချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတွေကိုလည်း ထိန်းသိမ်းထားလိုက်နိုင်တယ်။ ရာထောင်ချီ များပြားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံခဲ့ကြရတယ်။

စစ်တပ်က အော်ပရေးရှင်း ၁၀၂၇ ကို လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ အငြှိုးတကြီး တုံ့ပြန်ခဲ့ပေမယ့် ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကိုတော့ မျက်စောင်းတောင် ပြန်ထိုးခွင့် မရတော့ပါဘူး။ ဒီအခြေအနေက တခြားသော တော်လှန်ရေး အစုအဖွဲ့တွေကို စိတ်ဓာတ် တက်ကြွလာစေပြီး မြန်မာနိုင်ငံ အနှံ့မှာ ပိုမို ထကြွလာကြတာကြောင့် စစ်တပ်ဟာ အထိနာသထက် နာလာပါတော့တယ်။

“အော်ပရေးရှင်း ၁၀၂၇ နောက်ပိုင်းမှာတော့ နိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO)တွေနဲ့ တော်လှန်ရေး တပ်တွေဟာ ထိုးစစ်တွေ ပိုပြီး ဆင်နွှဲလာကြတယ်”လို့ ဟော်ဆေးက ထောက်ပြပါတယ်။ “လူထုကလည်း ဒီအခြေအနေတွေကို ကြည့်ပြီး ‘ဟာ၊ မြန်မာစစ်တပ်ကတော့ အချီကြီး ရှုံးနေပြီ၊ အရမ်း ချိနဲ့နေပြီကွ’လို့ ပြောနေကြပါလိမ့်မယ်။ ဒီအချက်ကလည်း တော်လှန်ရေး အဖွဲ့တွေကို ယုံကြည်မှု ပိုတိုးလာစေပြီး ထိုးစစ်ဆင်ဖို့ စိတ်ဓာတ် ခွန်အား ဖြစ်စေခဲ့ပါတယ်”လို့ သူက ဆက်ပြောတယ်။

မြန်မာ့ ပြည်တွင်းစစ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ဗြိတိန် သုတေသန အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန (IISS)က ဇွန်လနောက်ပိုင်း တိုက်ပွဲတွေက ပွဲပိုကြမ်းလာပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာတော့ ထိတွေ့ တိုက်ပွဲတွေ အကြိမ်ပေါင်း ၁၀၀၀ ဝန်းကျင်စီ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS)ရဲ့ ဧည့်ပညာရှင် တဦးဖြစ်တဲ့ ဦးမင်းဇော်ဦးဟာ မနှစ်က နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တချို့ဆီ ခြေဆန့်သွားလာရင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူးတွေ၊ တခြားအရာရှိတွေနဲ့ပါ စကားပြောခဲ့ပါတယ်။

သူက စစ်တပ်ရဲ့ ကြိုတင် ပြင်ဆင်မှု အားနည်းတာတွေ၊ ဆယ်စုနှစ်တွေနဲ့ချီ လွဲချော်ခဲ့တဲ့ စီမံအုပ်ချုပ်မှု ပုံစံတွေက မိုးထဲရေထဲ အခြေအနေမှာ အရှုံးတွေနဲ့ ဆက်တိုက် ကြုံလာစေခဲ့တယ်လို့ VoAကို မှတ်ချက် ပေးခဲ့ပါတယ်။

ဦးမင်းဇော်ဦးက စစ်တပ်ဟာ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံလာရနိုင်တဲ့ အခြေအနေကနေ ထိထိရောက်ရောက် အကာအကွယ်ပေးမယ့် မဟာဗျူဟာတွေ၊ အသုံးအဆောင် ပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံပေးဖို့ မျိုးဆက်တခုစာလောက် ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။ အတိတ်မှာတော့ ​EAO တခု၊ နှစ်ခုလောက်နဲ့ စစ်ခင်းတိုက်ခိုက်ရတဲ့ ကာလတွေမှာ စစ်တပ်ဟာ အိုးနင်းခွက်နင်း ဖြတ်သန်းရင်းနဲ့ပဲ အဆင်ပြေသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ အာဏာသိမ်းချိန် ကတည်းက စစ်မျက်နှာတွေ အများကြီး တပြိုင်တည်း ကြုံလာတဲ့ အခါမှာတော့ အခြေခံ အကျဆုံး အားနည်းချက်တွေက မီးခိုးကြွက်လျှောက် တသီတတန်းကြီး ပေါ်လာတော့တာပါပဲ။

ဒါ့အပြင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာ လက်တွေ့ စစ်တိုက်ဖူးတဲ့ အတွေ့အကြုံ အရမ်းနည်းတဲ့၊ ဒါမှမဟုတ် လုံးဝဥဿုံ မရှိခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်တွေ ရာထူးတက်ပြီး နေရာရတာတွေ များပြားလာတာကိုလည်း ဦးမင်းဇော်ဦးက ထော​က်ပြခဲ့ပါတယ်။ အဲဒီ ခေါက်ရိုးကျိုး အလေ့အကျင့်က အခုလည်း အပြောင်းအလဲ ရှိလာမယ့်ပုံ မပေါ်တာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေအတွက် အကျိုးရှိလာစေတယ်လို့ သူက ဆိုတယ်။

“လက်ရှိ ခေါင်းဆောင်မှု အောက်မှာတော့ စစ်တပ်ဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေရှာနိုင်မယ့်ပုံ မပေါ်ပါဘူး။ သူတို့က အခုအတိုင်း ဆက်သွားနေမှာပဲ။ မဟာဗျူဟာကျတဲ့ ဖြေရှင်းမှုမျိုးတွေ မြင်ရမှာ မဟုတ်ပါဘူး”လို့ သူက မှတ်ချက် ပေးခဲ့တယ်။

အော်ပရေးရှင်း ၁၀၂၇ အပြီး အလှည့်အပြောင်းတွေက တော်လှန်ရေး အင်အားစုတွေဟာ ကမ္ဘာပေါ်မှာ စစ်ပွဲတွေနဲ့ အယဉ်ပါးဆုံး လက်နက်ကိုင် တပ်ဖွဲ့ကြီး တခုကို အနိုင်ရနိုင်ခြေ ရှိတယ်ဆိုတဲ့ အမြင်မျိုး လူထုထဲမှာ ပိုပြီး ခိုင်မာလာပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ ကိစ္စတွေဟာ မကြာခင် အထမြောက်တော့မယ့် သဘောမျိုး အတွေးတွေ ပြောင်းလဲလာကြပါတယ်။

ဒါပေမဲ့လည်း ပညာရှင်တွေနဲ့ လေ့လာသူတွေကတော့ နေ့ချင်းညချင်း စစ်တပ် ပြိုကျတော့မယ်ဆိုတဲ့ ထင်ကြေးတွေက လိုတာထက်ပိုပြီး ပုံကြီးချဲ့တဲ့ အဆင့်မျိုး ရောက်နေတယ်လို့ သတိပေးကြပါတယ်။

“စစ်မြေပြင်မှာ အောင်ပွဲတွေ ရလာတာ၊ စစ်တပ်ကို ထိုးနှက်လာနိုင်တာတွေက အားကောင်းတဲ့ အရှိန်ယူမှုတွေလို့ လူထုကလည်း အလွယ်တကူ သိမြင်နိုင်ပါတယ်။ ဒီနှုန်းအတိုင်း ဆက်သွားနိုင်ရင် စစ်တပ်ကို တကယ်ပဲ ဖြိုချနိုင်ပါလိမ့်မယ်”လို့ မြန်မာ့အရေး လွတ်လပ်တဲ့ သုတေသီ တဦးဖြစ်သူ ဒေးဗစ် မက်သီဆန်က ဆိုတယ်။

“ဒါပေမဲ့ စစ်တပ် ပြုတ်ကျမယ့် အချိန်က ဘယ်လောက် နီးစပ်နေပြီလဲ ဆိုတာကို ခန့်မှန်းတာမျိုးတွေကတော့ တဆိတ် လမ်းဟောင်းလိုက်လွန်းသလိုပဲ။ အော်ပရေးရှင်း ၁၀၂၇ အပြီးမှာ လူတွေက စစ်တပ်ဟာ သုံးလ၊ ဒါမှမဟုတ် ခြောက်လလောက်အတွင်း ပြုတ်ကျတော့မယ် ဆိုတာမျိုး ပြောနေပေမယ့် ဘယ်သူမှ အတိအကျ မသိနိုင်ဘူးလေ”လို့ သူက ထောက်ပြခဲ့ပါတယ်။

အော်ပရေးရှင်း ၁၀၂၇ နောက်ပိုင်း စစ်တပ်က ဆုံးရှုံးခဲ့တဲ့ နယ်မြေ အများစုဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အဓိကအားဖြင့် တရုတ်နဲ့ ထိစပ်နေရာ နယ်စပ်တွေမှာ ဖြစ်ပါတယ်။ တရုတ်က မြန်မာရဲ့ ပင်မ ကုန်သွယ်ဖက် ဖြစ်တာကြောင့် စစ်ကောင်စီအတွက် အရမ်းအရေးပါနေပါတယ်။ ထိုင်းနဲ့ ဆက်သွယ်ထားတဲ့ ပင်မ ကုန်သွယ်ရေး လမ်းကြောင်း တခုဟာလည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ ပိုမို ဖိအားပေး တိုက်ခိုက်မှုတွေနဲ့ ကြုံလာရပါတယ်။

မက်သီဆန်ကတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ နယ်စပ်တွေရဲ့ ထိန်းချုပ်ခွင့်ကို လက်လွှတ်လိုက်ရရင်တောင်မှ အလယ်ပိုင်း မြေပြန့်ဒေသတွေနဲ့ ရန်ကုန်လို မြို့ကြီးတွေ၊ ပင်လယ်ဆိပ်ကမ်းတွေကို ထိန်းထားပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ကြောင်း ပြောပါတယ်။ ပြီးတော့ အဲဒီ ဒေသတွေရဲ့ အရေးကြီးတဲ့ စစ်ဌာနချုပ် စခန်းတွေ၊ လက်နက်စက်ရုံတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို စီးမိုးထားရေးကလည်း စစ်တပ်အတွက် အရေးကြီးပါတယ်။

“နောက်ထပ် ပိုပြီး သတိထား စဉ်းစားရမယ့် အချက်က စစ်ကို ဆက်တိုက်နေဖို့အတွက် လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေကို စစ်တပ်က ကိုယ်တိုင် ဖြည့်တင်းနိုင်တဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းမျိုး ရှိနေတုန်းပဲ”လို့လည်း မက်သီဆန်က ဆိုတယ်။

တပ်ပြေးတွေ အရမ်းများလာတာ၊ တော်လှန်ရေး အင်အားစုတွေဆီ တပ်ရင်းလိုက် လက်နက်ချတာမျိုးတွေကလည်း စစ်တပ်ရဲ့ ခွန်အားကို ပိုမို ယုတ်လျော့လာစေပါတယ်။ ဒါပေမဲ့ စစ်တပ်ထဲမှာ အလုံးအရင်းနဲ့ တော်လှန်ရေးဖက်ကို ကူးပြောင်း အလင်းဝင်သွားတဲ့ ကိစ္စမျိုးတွေကို မတွေ့ရသေးတာကြောင့် တပ်တွင်းမှာ စိတ်ဓာတ်ပိုင်း ကျဆင်းနေတယ် ဆိုဦးတော့၊ အလုံးစုံ ပြိုကျသွားတဲ့ အဆင့်ထိတော့ မရောက်သေးဘူးလို့ မက်သီဆန်က သုံးသပ်ပါတယ်။

နောက်တချက်က စစ်တပ်ဟာ အချင်းချင်း သွေးကွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အော်ပရေးရှင်း ၁၀၂၇ EAOတချို့ဟာ မကြုံစဖူး ထူးထူးကဲကဲအဖြစ် ခေတ်မီ ဆန်းသစ်ပြီး စနစ်ကျလှတဲ့ အချိတ်အဆက်မိမိ စစ်ဆင်နွှဲမှုတွေကို လုပ်ဆောင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ တော်လှန်ရေး အင်အားစုတွေဟာ အကွဲကွဲအပြားပြား ဖြစ်နေပြီး စုစည်းပေးမယ့် ဗဟို အုပ်ချုပ်မှု အင်အား မရှိပါဘူး။ နောက်ပြီး အဖွဲ့အစည်း အသီးသီးကလည်း ကိုယ်စီကိုယ်စီ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ ရှေ့ဆက်နေကြပြန်တယ်။

“ပြောရမယ်ဆိုရင် လောလောဆယ် အနေအထားအရ ဘာကြောင့် တော်လှန်နေသလဲဆိုတဲ့ အဓိပ္ပါယ်ကို သတ်မှတ်ဖို့တောင် အတော်လေး ခက်နေသေးတယ်”လို့ ဦးမင်းဇော်ဦးက ဆိုတယ်။

ထိန်းချုပ်နယ်မြေတွေ ရရှိရေးကို အသည်းအသန် ကြိုးစားရင်း အရင်ကတည်းက ယိုင်နဲ့နဲ့အဆင့် မဟာမိတ် ဆက်ဆံရေးမျိုးသာ ရှိခဲ့တဲ့ အင်အားစုတွေကြား ဟက်တက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။ ဦးမင်းဇော်ဦးက အရှေ့ဖျား ဒေသမှာ တော်လှန်ရေး အင်အားစု နှစ်ခုက ဒေသတွင်းမှာ ဘယ်သူ အခွန်စည်းကြပ်သင့်သလဲ ဆိုတာကို စပြီး အငြင်းပွားနေတာ၊ အနောက်ဖျား ဒေသက ချင်းတိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား အားပြိုင်မှုတွေ ရှိလာတာတွေကို ထောက်ပြခဲ့ပါတယ်။

“ဒီကိစ္စတွေက ရေမြုပ်နေတဲ့ ရေခဲတောင်ကြီး တခုလုံးရဲ့ အပေါ်က မြင်သာရုံ ထိပ်ဖျားလေးတွေ အဆင့်ပဲ ရှိသေးတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ နောက်ထပ် ပြဿနာတွေ ပေါ်လာတာကို ကျွန်တော်တို့ မြင်ရနိုင်တယ်”လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး စစ်တပ်ဟာ သူတို့ရဲ့ ပျော့ကွက် ဖြစ်လာတဲ့ နေရာတွေကို စိတ်ဒုံးဒုံးချ စွန့်ခွာလိုက်ပြီး အချက်အခြာကျတဲ့ နေရာတွေကို ပိုမို အားစိုက် ကာကွယ်ဖို့ တပ်ပြန်ဆုတ်လာတဲ့ ကိစ္စကလည်း တော်လှန်ရေး အင်အားစုတွေအတွက် ပိုမို ကြီးမားတဲ့ စိန်ခေါ်မှုမျိုး ဖြစ်လာစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေတယ်။

ဦးမင်းဇော်ဦးက တော်လှန်ရေး အောင်မြင်ဖို့ ပိုပြီး အလားအလာကောင်းတဲ့ ညွှန်ကိန်းတခုကို မြင်ချင်ရင် အရှေ့ဖျားက အင်အားစုတွေဟာ နိုင်ငံရဲ့ အကြီးဆုံး မြို့နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးကြား ဆက်သွယ်ရေး လမ်းတွေကို အောင်အောင်မြင်မြင် ဖြတ်တောက်လိုက်နိုင်ဖို့ လိုတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ လောလောဆယ်တော့ အဲဒီမြို့ကြီး နှစ်ခုစလုံးကို စစ်တပ်က ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားဆဲပါ။

ဒါ့အပြင် စစ်မြေပြင်တွေမှာ အရေးနိမ့်လို့ ထိန်းချုပ် နယ်မြေတွေ လက်လွှတ်ရလေလေ၊ စစ်တပ်က ပိုပြီး သရဲစီးသလို အကြမ်းဖက်မှုတွေ ကျူးလွန်လေလေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားပြီးတော့ပါ။ အော်ပရေးရှင်း ၁၀၂၇ ကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆက်တိုက် အထိနာခဲ့ချိန်တွေတုန်းက စစ်တပ်ဟာ ဒီလုပ်ရပ်မျိုးတွေကို ထင်သာမြင်သာ ကျူးလွန်ပြခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အနှံ့မှာ လူပေါင်း ၂.၃ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီထဲက သုံးပုံတပုံလောက်ဟာ လွန်ခဲ့တဲ့ သုံးလအတွင်းမှာတင် တိုးလာခဲ့တာလို့ ကုလသမဂ္ဂက ဆိုပါတယ်။

“အခုအတိုင်းဆိုရင် စစ်တပ်က အတိုက်အခံ တော်လှန်ရေး အင်အားစုတွေ ပျက်သုဉ်းသွားအောင် လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါပေမဲ့ အကြမ်းဖက် လုပ်ရပ်တွေ၊ အထူးသဖြင့် ပြည်သူကို ပစ်မှတ်ထားတဲ့ ရက်စက် ယုတ်ကန်းမှုတွေကို ဆက်လုပ်ဖို့တော့ သူတို့မှာ လုပ်နိုင်စွမ်း အကြီးကြီး ဆက်ရှိနေသေးတယ်”လို့ ဟော်ဆေးက ပြောပါတယ်။

“နောက်ထပ် ရှုပ်သထက် ပိုရှုပ်လာနိုင်တယ်။ အချိန်တွေ အရမ်းကြာသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”လို့ မက်သီဆန်ကလည်း သဘောတူတဲ့ အဓိပ္ပါယ်နဲ့ ဆိုတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ သတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေထဲက အကောင်းမြင်စိတ် အထက်သန်ဆုံး သူတွေတောင်မှ ဒီကိစ္စကြီးဟာ လွယ်လွယ်ကူကူနဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ လက်ခံထားကြောင်း မက်သီဆန်က ပြောပြသွားခဲ့ပါတယ်။

(VoA သတင်းဌာန၏ Three Years After Coup, Myanmar’s Junta Losing Ground but Holding On ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်