ကျိုက်မရောအကျဥ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ကျဥ်းတွေ ကျန်းမာရေးစိုးရိမ်ရ

ဖေဖော်ဝါရီ၊ ၉
 
မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ လက်ကိုင်ဖုန်း တွေ့ရှိဟုဆိုကာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရိုက်နှိက်တိုက်ပိတ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော် အဆာငတ်ခံ ဆန္ဒပြနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
 
” အကျဉ်းသားတွေက ဖုန်းနဲ့ အပြင်ကအဖွဲ့တွေကို အဆက်အသွယ်လုပ်နေလို့ ဝင်စစ်တာ ဖုန်းတွေ့တာဆိုပြီး နိုင်ကျဉ်းနှစ်ဦးကို ရိုက်နှိက်ဖမ်းဆီးပြီး တိုက်ပိတ်ထားတာ၊ အဲဒါကို ကျန်တဲ့အကျဉ်းသားတွေက အဆာငတ်ခံဆန္ဒပြကြတာ ” လို့ PPNMမှ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
 
ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့က ဖုန်းအသုံးပြုကာ ပြင်ပအဖွဲ့အစည်းတွေနဲ့ အချိတ်အဆက်ရယူပြောဆိုမှုတွေ ရှိနေတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ နေပြည်တော်ရုံးမှ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကျဉ်းထောင်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
ရှာဖွေမှု ပြုလုပ်တဲ့အချိန်မှာ ပစ္စည်းတစုံတရာ တွေ့ရှိခဲ့ခြင်း မရှိပေမယ့် တပတ်အကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ အကျဉ်းထောင်ထဲမှာ ဖုန်းတွေ့ရှိခဲ့တဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ညပိုင်းမှာ သီးခြားတိုက်ပိတ်ကာ မတရားညှင်းပမ်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
 
တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားနှစ်ဦးက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
အဲဒီနောက်ပိုင်း တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဉ်းနှစ်ဦးကို တွေ့ခွင့်ရဖို့ကို အခြားနိုင်ငံရေးအကျဉ်းသားတွေက ထောင်အာဏာပိုင်တွေထံ တင်ပြတောင်းဆိုခဲ့ရာ တကြိမ်တွေ့ခွင့်ပေးခဲ့ပြီးနောက် ဒီကနေ့အထိ အဆက်အသွယ်မရဘဲ တိုက်ပိတ်ခံထားရတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
 
” အဲဒီအကျဉ်းသားတွေက ခုထိ မူလအကျဉ်းထောင် မရောက်သေးဘူး၊ လုံခြုံရေးအတွက် စိုးရိမ်ရတယ်၊ ဘာလို့ဆို စစ်တပ်နဲ့ ရဲက ပါတယ်လေ ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားနှစ်ဦး တိုက်ပိတ်ခံနေရတာကို ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင်ကာ အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ရက်တွေမှာ တခြားနိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးကလည်း ဝန်းရံထောက်ခံတဲ့အနေနဲ့ အကျဉ်းထောင်မှပေးတဲ့ အစားအသောက်တွေကို စားသောက်သုံးစွဲခြင်းမပြုဘဲ တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
အဲဒီထဲမှာ အကျဉ်းသားတွေကို ခေါ်ယူထိန်းသိမ်းစုံစမ်းမေးမြန်းတဲ့ကာမှာ အပြစ်ပေးအရေးယူခြင်းလုပ်ငန်း ဆောင်ရွက်ရာမှာ တရားလက်လွန်ဆောင်ရွက်ခြင်းမဖြစ်စေရေး၊ လူ့အခွင့်အရေးနဲ့အညီဆောင်ရွက်ပေးဖို့နဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးရေး၊ စစ်ဆေးပြီးပါက မူလနေထိုင်ရာအဆောင်သို့ ပြန်ပို့ပေးရေးအပါအဝင် အကျဉ်းသားတွေကို ထောင်ဖွင့်ချိန်မှာသာ ခေါ်ယူစစ်ဆေးမေးမြန်းကြဖို့ အစရှိတဲ့အချက်တွေကို အစာငတ်ခံဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။
 
နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဒီကနေ့အထိ ထောင်အာဏာပိုင်တွေဘက်က လက်ခံ ဖြေလျှော့လိုက်လျောပေးခြင်းမရှိသေးလို့ ဆိုပါတယ်။
 
လက်ရှိ အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ကျဉ်းတွေက ကျန်းမာရေးအခြေအနေ စိုးရိမ်မှုတွေ ရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
” မိသာစုဝင်တွေ ပေးပို့လာတဲ့ ဟာနဲ့ မျှဝေစားသောက်နေတာပေါ့၊ မလောက်ငှဘူး၊ တောင်းဆိုချက်မပြည့်မချင်း မစားဘူးဆိုတဲ့အနေအထားမှာ အခု နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေး အင်မတန်စိုးရိမ်နေရတယ်၊ အရေးပေါ်ဆေးရုံမတင်ရတာပဲ ရှိတယ်၊ အားလုံးကတော့ ကိုယ်ခံအားတွေ လျှော့နည်းတာတွေ ဖြစ်နေတယ်ဗျ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
ကျိုက်မရောဗဟိုအကျဉ်းထောင်မှာဆိုရင် အကျဉ်းသားခြောက်ရာနီးပါးရှိနိုင်ပြီး အဲဒီထဲက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့သူတွေထံကနေ သိရပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)